Home သတင်း ကရင်နှစ်သစ်ကူးနေ့ဆုတောင်းသဝဏ်လွှာပို့သည့် မင်းအောင်လှိုင်စစ်တပ်က နှစ်သစ်ကူးနေ့တွင် သထုံနှင့် ဖာပွန်သို့ လေကြောင်းမှ ဗုံးကြဲ

ကရင်နှစ်သစ်ကူးနေ့ဆုတောင်းသဝဏ်လွှာပို့သည့် မင်းအောင်လှိုင်စစ်တပ်က နှစ်သစ်ကူးနေ့တွင် သထုံနှင့် ဖာပွန်သို့ လေကြောင်းမှ ဗုံးကြဲ

805
Photo: CJ

ဒီဇင်ဘာ ၃၁ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်လူမျိုးတို့မြတ်နိုးတန်ဖိုးထားသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ဆုမွန်ကောင်းတောင်း သဝဏ် လွှာပေးပို့သည့် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်က ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ နယ်မြေ သထုံခရိုင်နှင့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများသို့ လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်များအရ သိရသည်။

KNU အုပ်ချုပ်မှုအရ တပ်မဟာ(၅) ဖာပွန်ခရိုင်၊ ကတိုင်တိ၊ ဘောကြို့လယ်ကျေးရွာအပါအဝင် ၎င်းနှင့်နီးစပ်သည့် တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်ရှိ ကြသောင်းဆိပ်ရွာနှင့် ပျဥ်းမပင်ဆိပ်ကျေးရွာတို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၃၀)ရက် ကရင်နှစ်သစ်ကူးနေ့ ညပိုင်းမှစ၍ စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ကြသောင်းဆိပ်နှင့်ပျဥ်းမပင်ဘက်တွင် စစ်တပ်လေကြောင်းဗုံးကြဲချမှုကြောင့် ကျောင်းသား တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျန်ဒေသခံများမှာလည်း ပုန်းခိုနေထိုင်ခဲ့ရကြောင်း ကြသောင်းရွာခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ပျဉ်းမပင်ဆိပ် ရွာနဲ့ ကြသောင်းဆိပ်ရွာကြားမှာ ၃ လုံး လာကြဲချသွားတယ်။ ရွာအထက်ပိုင်းဘက်မှာလည်း ကြဲတယ်။ ကျောင်းသားတစ်ယောက်တော့ နည်းနည်းထိသွားတယ်။ ကြဲလည်းကြဲတယ်။ ပစ်လည်းပစ်တယ်။ ရွာသားတွေကတော့ဒီလိုပဲ ပုန်းအောင်းနေရတယ်ပေါ့။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ယင်းသို့လေကြောင်းတိုက်ခိုက်မှုများကြောင့် သထုံခရိုင်အတွင်းရှိ ကျေးရွာများတွင် ကရင်နှစ်သစ်ကူးနေ့ကို လူစုလူဝေးဖြင့် ထင်ထင်ရှားရှားမပြုလုပ်ရဲတော့သလို အကြောက်တရားဖြင့် ပုန်းအောင်းနေထိုင်ရသည်ဟုလည်း KNU သထုံခရိုင်/တပ်မဟာ(၁)တာဝန်ရှိသူနှင့် ထိုဒေသခံများကဆိုသည်။

Photo: CJ

တပ်မဟာ (၁)တပ်မဟာ မှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက “နှစ်သစ်ကူးမနက်မှာတင် သတင်းတွေကြားရတော့ အခမ်းအနားလုပ်ထားတဲ့ဟာတွေဖြုတ်ပြီး ရွာသားတွေလည်း လယ်ထဲလိုက်ပြေးသူပြေး၊ တချို့ကလည်းမြောင်းထဲဆင်းပြေးပေါ့။ ညကလည်း တစ်ညလုံးလေယာဥ်လာဝဲတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဒီဇင်ဘာလ၂၉ ရက်နေ့က ဖာပွန်မြို့နယ်၊ ကတိုင်တိအခြေစိုက် စစ်ကောင်စီ၏စစ်ဗျူဟာ ၁ စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုလိုလေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ကတိုင်တိစခန်းကိုတိုက်ခိုက်စဥ် KNLA နှင့်အတူ ယင်းနယ်မြေတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည့် နယ်ခြားစောင့်တပ်-BGF ၁၀၁၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းတိုက်ခိုက်လျက်ရှိသလို တပ်ရင်းတစ်ရင်းလုံး KNU ထံပူးပေါင်းသွားသည့် ကောလာဟလများ ပေါ်ထွက်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မင်းအောင်လှိုင်စစ်တပ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သည့်ဆုတောင်းသဝဏ်လွှာအတွင်း ပဋိပက္ခကင်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းစေရန် တိုင်းရင်းသားပြည်သူများ စုပေါင်းလုပ် ဆောင်ရမည်ဖြစ်သည်ဟု ဆိုထားသည်။

သို့ရာတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကရင်လူမျိုးများနေထိုင်ရာ ကျေးရွာများသို့ ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်မချန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခံရသည့်ကျေးရွာနှင့်အနီးတဝိုက်ရွာရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးရှောင်ရှားနေရသည်ဟုလည်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။