အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသအတွင်းရှိ ရေဘေးသင့်စာသင်ကျောင်းများ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရန်ပုံငွေဖူ ဆယ်ဘောလုံးပြိုင်ပွဲတစ်ရပ်ကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ထားဝယ်ရေဘေး ပညာရေးရန်ပုံငွေ ဘောလုံးပွဲ” ဟု အမည်ပေးထားသည့် အဆိုပါပြိုင်ပွဲကို “ကန်ကြမယ် လှူကြမယ်” အဖွဲ့နှင့် “မဲဆောက်အိမ်” တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ လက်ရှိတွင် ပြိုင်ပွဲဝင်မည့်အသင်းများ ဆက်လက်လိုအပ်နေဆဲဖြစ်သဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ဘောလုံးဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
“ထားဝယ်မှာ ဖြစ်နေတဲ့ကိစ္စမှာ ပညာရေးကိစ္စဆိုတာ ကျနော်တို့အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပညာရေးက လူတိုင်းအတွက် အရေးကြီးပါတယ်။ ပညာရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးသွားတာတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့အတူ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပွဲစီစဉ်သူ မဲဆောက်အိမ်မှ ကိုထက်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါပြိုင်ပွဲမှ ရရှိလာမည့် ရန်ပုံငွေများကို ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ထံသို့ ပေးအပ်သွားမည်ဖြစ်ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးသွားခဲ့ရသည့် စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် အဓိကထား အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေဘောလုံးပြိုင်ပွဲကို မဲဆောက်မြို့၊ မယ်ပရှိ သုံးထပ်ကွင်းတွင် တစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ဝင်ကြေး ဘတ် ၁,၆၀၀ သတ်မှတ်ထားသည်။
“အညာဒေသ ရေဘေးတုန်းကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်။ အခုလည်း ပထမအကြိမ်တုန်းကလိုပဲ ရွှေ့ပြောင်းညီ အစ်ကိုမောင်နှမတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု “ကန်ကြမယ် လှူကြမယ်” ဟု ကန်ကြမယ် လှူကြမယ်အဖွဲ့မှ ကိုပိုးလေးက ပြောသည်။
ထို့အပြင် ပြိုင်ပွဲလာရောက်မည့်သူများနှင့်ရေဘေးသင့်ပြည်သူများအတွက် ပါဝင်ကူညီလိုသူများအနေဖြင့် ပြိုင်ပွဲနေ့တွင် အလှူခံပုံးများ ထားရှိပေးသွားမည်ဖြစ်ပြီး အွန်လိုင်းမှတဆင့် ပါဝင်လှူဒါန်းလိုပါက “မဲဆောက်အိမ်” နှင့် “ကန်ကြမယ် လှူကြမယ်” တို့၏ ဖေ့စ်ဘုတ်ခ် (Facebook) လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အညာဒေသရှိ ရေဘေးသင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပထမအကြိမ် ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ပြီး အဆိုပါပွဲမှ ရန်ပုံငွေ ဘတ်ငွေ ၅၀,၀၀၀ ကျော် ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။



















