Home Facts Checking News တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား

တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား

13

တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။

KIC/ The Red Flag/ MFCN

ဖာပွန်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF (၈)ဦး သည် တပ်မှထွက်ခွင့်တောင်းသော်လည်း အခွင့်မရ၍ထွက်ပြေးစဥ် ကေအဲန်ယူက ဖမ်းမိပြီး သတ်ဖြတ်လိုက်ကြောင်း ဥာဏ်ရည်တုနည်းပညာ(AI) အသုံးပြုဖန်တီးထားသည့် ရုပ်ပုံများဖြင့် စစ်တပ်လော်ဘီများက ဝါဒဖြန့်သတင်းဖြန့်ဝေထားကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ(၂)ရက်နေ့က Follower သိန်းချီပြီးရှိသည့် နာမည်ကြီးတပ်လော်ဘီချန်နယ် မှိုင်းဝေ၊ Ba Nyunt တို့ အပါအဝင် D.I Thameedaw, Saw Ba Maung, ရဲဝံ့စွန့်စား ပြည်ချစ်သား တယ်လီဂရမ်များမှ “ဖာပွန်ဘက်တွင် PDF ၈ ဦးကို KNU အဖွဲ့က ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် ထပ်မံသတ်ဖြတ်” စာသားများဖြင့် သတင်းဖြန့်နေကြခြင်းဖြစ်သည်။

မှိုင်းဝေ – https://archive.ph/E0H8Q
D.I Thaemetaw – https://archive.ph/GizhH
ရဲဝံ့စွန့်စား ပြည်ချစ်သား – https://archive.ph/JFKrW
Ba Nyunt – https://archive.ph/2z8r3
Saw Ba Maung – https://archive.ph/TPoXC

Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အဆိုပါသတင်းအား အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်သည်။

#စိစစ်ချက်
စစ်လော်ဘီချန်နယ်များသည် “အိမ်ပြန်ချင်တာလား အရှင်ထွက်တော့မရ အသေထွက်ရမယ်”
“KNU ရဲ့လွတ်လပ်ခွင့်ပေးလိုက်တာက အပြတ်ရှင်းလိုက်တာတဲ့၊ သနားဖို့ကောင်းလိုက်တဲ့ PDF လေးတွေရဲ့ဘဝ”
“ကရင်ပြည်နယ်ဖြစ်နေတဲ့အတွက် အကြမ်းဖက်KNUရဲ့ပြန်လည်ဖမ်းဆီးခံရပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတယ်” စသည့် အရေးအသားများဖြင့် သက်သေပြနိုင်စရာ ခိုင်လုံသည့်အထောက်အထား ကိုးကားချက်များမပါဘဲ AI ဖြင့်ဖန်တီးထုတ်လုပ်ထားသော ပုံများကို အသုံးပြု၍ ဖြန့်ဝေထားသည်။

PDF တပ်ဖွဲ့ဝင်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် သတင်းအမှန်သာဖြစ်ပါက လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်နေကြသည့် မီဒီယာများ၊ အရပ်ဖက်လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ပြောဆိုကြမည်ဖြစ်၍ Google မှတဆင့် “ဖာပွန် PDF” “ဖာပွန်PDFအသတ်ခံရ” ” KNU တပ်မဟာ(၅)မှ PDF ကိုသတ်” Keyword များအသုံးပြု ရှာဖွေကြည့်ခဲ့သည်။

သို့သော် ဖာပွန်တွင် KNU ထံမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထွက်ပြေးသည့်သတင်း၊ KNU နှင့် PDF တို့အကြား သဘေားထားကွဲလွဲ ပဋိပက္ခဖြစ်ပွားမှုသတင်း၊ KNU က PDF ကို သတ်ဖြတ်သည့်သတင်း ဖော်ပြချက် မတွေ့ရပေ။

စစ်တပ်အာဏာသိမ်းပြီးကတည်းက လက်ရှိ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာအထိ ဖာပွန်ဒေသအတွင်း တဖြည်းဖြည်းအရှိန်မြင့်လာသည့် တိုက်ပွဲသတင်းများ၊ KNU ပူးပေါင်းတပ်များက စစ်အုပ်စုစခန်းများကို သိမ်းပိုက်နိုင်ခဲ့မှု သတင်းများကိုသာ သတင်းလုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်နေကြသည့် သတင်းမီဒီယာကြီးများနှင့် တိုင်းရင်းသားမီဒီယာများက ဖော်ပြသည်။

KNLA အပါအဝင် NUG အောက်ရှိ PDF နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပူးပေါင်းတပ်များသည် ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိ စစ်အုပ်စုက နယ်မြေပြန်ရရေး အပြင်းအထန်ကြိုးပမ်းနေကြောင်း BBC, Myanmar Now စသည့်သတင်းဌာနကြီးများက ဖော်ပြကြသည်။
BBC – https://shorturl.at/WwBMi
Myanmar Now- https://shorturl.at/s9UHA

စစ်အုပ်စုဘက်က အင်အားသုံးထိုးစစ်ဆင်သော်လည်း ၎င်းတို့ထိခိုက်သေဆုံးမှုသာ များပြားနေကြောင်း ကရင်တိုင်းရင်းသားမီဒီယာ ကေအိုင်စီမှ ဖော်ပြထားသည်။
https://shorturl.at/ZhKgo

ဖာပွန်တွင် PDF ထွက်ပြေးမှုရှိမရှိ အပါအဝင် ကွပ်ကဲခေါင်းဆောင်မှုအပိုင်းနှင့်ပတ်သက်၍ လက်ရှိ မူတြော်(ဖာပွန်)ခရိုင်၊ ကေအဲန်ယူ၏ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထို့ရော်ဘင်အား ဆက်သွယ်မေးမြန်းရာ ၎င်းက ယခုလိုအတည်ပြုသည်။

“PDF ထွက်ပြေးတာမရှိပါဘူး ပစ်ခတ်ဖမ်းဆီးဖို့ဆိုတာ ဝေးရော၊ ပြီးတော့ သူတို့ရဲ့ခေါင်းဆောင်ကနေတဆင့်ပဲ ဦးဆောင် (သို့မဟုတ်) စုပေါင်းခေါင်းဆောင်တာနဲ့ပဲ သွားတာပါ။ တစ်ဦးချင်းက တိုက်ရိုက်ခေါင်းဆောင်၊ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး၊ ဒါတွေကစိတ်ဓာတ်စစ်ဆင်မှု သက်သက်ပါပဲ” ဟု ပဒိုစော်ထို့ရော်ဘင်က ပြောသည်။

ထို့အတူ စစ်တပ်လော်ဘီချန်နယ်များတွင် ဖော်ပြထားသော ပုံပါ လူများ၏ရုပ်ရည်သွင်ပြင်၊ ကိုယ်ခန္ဓာအစိတ်အပိုင်း၊ အဝတ်အစားများနှင့် နောက်ခံရူခင်းများမှာ သာမန်မျက်စိဖြင့်ကြည့်လျှင်တောင် AI နည်းပညာအသုံးပြု ပေါင်းစစ်ဖန်တီးထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

#သုံးသပ်ချက်
ဖော်ပြပါစိစစ်ချက်များအရ စစ်လော်ဘီများ၏ “ဖာပွန်တွင် KNU ထံမှနှုတ်ထွက်သည့် PDF ကို KNU သတ်ဖြတ်” ဆိုသည့် အရေးအသားမှာ ဖန်တီးထားသောပုံများဖြင့် ခိုင်လုံသောအထောက်အထားမရှိဘဲ လုပ်ကြံထားသော ဝါဒဖြန့် သတင်း သပ်သပ်သာဖြစ်ကြောင်း တွေ့ရှိရသည်။

ထို့အပြင် လက်ရှိ ဖာပွန်စစ်ရေးအခြေအနေအရ အားသာချက်မရထားသော စစ်အုပ်စုသည် ပူးပေါင်းတိုက်ပွဲဝင်နေသူ KNLA နှင့် တော်လှန်ရေးလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များအကြား သွေးခွဲလိုသော သဘောဖြင့် တပ်လော်ဘီ လူမှုကွန်ရက်အကောင့်များမှ ဝါဒဖြန့်သတင်းများ တောက်လျှောက်လွှင့်နေသည်။

MFCN အဖွဲ့ဝင်များအနေဖြင့် တပ်မဟာ(၃)၊ ဖာပွန်နယ်မြေနှင့်ဆက်စပ်သည့် သတင်းအမှားများကို ဇူလိုင်လ(၁)ရက်နေ့က ယခု လင့်ခ် (https://shorturl.at/DbWyY) တွင်လည်းကောင်း၊ ဇူလိုင်(၂၈)ရက်နေ့က လင့်ခ် (https://shorturl.at/l2vmb ) တွင်လည်းကောင်း အမှားအမှန် စိစစ်ခဲ့သည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork