အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရေးတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၄ ဦး သေဆုံးပြီး ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက် (KWAN) က ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် ကြိုတင်ကန့်သတ်ချက်မရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်ဟုဆိုကာ မင်းအောင်လှိုင်က ဧပြီ ၂၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သော်လည်း ကော်သူးလေဒေသ၌ စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KWAN က ထောက်ပြထားသည်။
အစီရင်ခံစာအရ ထိုရက် ၁၀၀ ကာလအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများ၌ စစ်အုပ်စုက တစ်ရက်လျှင် တိုက်ခိုက်မှု ၁၈ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မိုင်းထောင်မှု၊ မြေပြင်ထိုးစစ်ဆင်မှုနှင့် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းမှုတို့ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ၁,၈၅၁ ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
အပစ်ရပ်ကြေညာထားသည့် ကာလအတွင်း မှတ်တမ်းတင်ထားသော တိုက်ခိုက်မှုများတွင် လေကြောင်းတိုက်ခိုက်မှု ၁,၂၁၁ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၅၅၁ ကြိမ်နှင့် ကျေးရွာများအတွင်း ပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ ဖမ်းဆီးညှဉ်းပန်းမှုတို့အပါအဝင် မြေပြင်စစ်ရေးလှုပ်ရှားမှု ၈၉ ကြိမ် ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၁ ဦး၊ အသက် ၂၀ မှ ၅၉ နှစ်အတွင်းရှိသူ ၂၀ ဦး၊ အသက် ၆၀ နှစ်နှင့်အထက်ရှိသူ ၆ ဦးနှင့် အသက်အရွယ် မသိရှိရသူ ၁၇ ဦး၊ စုစုပေါင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ ကြောင်း KWAN က ဖော်ပြထားသည်။ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် ဒေသများမှာ ကေအဲန်ယူ၏ တောင်ငူခရိုင် (တပ်မဟာ ၂)၊ ခလယ်လွီထူခရိုင် (တပ်မဟာ ၃) နှင့် ဒူးပလာယာခရိုင် (တပ်မဟာ ၆) တို့ဖြစ်ကြောင်း ဆိုထားသည်။
ထို့အပြင် စစ်အုပ်စုတပ်များက ယခင်ဆုတ်ခွာခဲ့ရသည့် စခန်းများကို ပြန်လည်သိမ်းပိုက်ရန်နှင့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ရာနေရာများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဒူးပလာယာခရိုင် (တပ်မဟာ ၆) တွင် တိုက်ခိုက်မှု ၈၅၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ခရိုင်များအနက် တိုက်ခိုက်မှုအများဆုံးဖြစ်ပွားရာ ဒေသဖြစ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူတြော်ခရိုင် (တပ်မဟာ ၅) တွင်လည်း မေလအတွင်း စစ်အုပ်စုတပ်များက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အဆောက်အအုံပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များကြောင့် ဒေသခံအိမ်ထောင်စု ၈,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KWAN ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရက် ၁၀၀ စီမံချက် ကာလအတွင်း စစ်အုပ်စုသည် MiG-29 နှင့် Yak-130 ဂျက်တိုက်လေယာဉ်များကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်များကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် တပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်မှုများတွင် အသုံးပြုခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ၎င်းအပြင် မော်တာပါရာဂလိုက်ဒါ ၊ ဂျိုင်းရိုကော့ပတာ ကဲ့သို့ လေယာဉ်ငယ်များ၊ အဝေးထိန်းဗုံးများနှင့် ဒရုန်းများကို ပိုမိုအသုံးပြုလာကြောင်းလည်း ဖော်ပြထားသည်။
စစ်အုပ်စုသည် ပြည်တွင်းပြည်ပဖိအားများကို ရှောင်လွဲရန်နှင့် နယ်မြေချဲ့ထွင်ရန်အတွက် အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေဆဲဖြစ်ကြောင်း KWAN က ဝေဖန်ထားသည်။
ဆက်လက်၍ တရုတ်နှင့် ရုရှားနိုင်ငံတို့က စစ်အုပ်စုကို သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဆက်လက်ပံ့ပိုးနေသရွေ့ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) တွင်လည်း တိကျသောကန့်သတ်ချက်များနှင့် အရေးယူမှုများ မရှိခြင်းကြောင့် စစ်အုပ်စုအနေဖြင့် အခွင့်သာနေကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံအားပေးခြင်းမပြုရန်၊ စစ်အုပ်စုထံ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ တင်ပို့မှုကို ထိရောက်စွာ ပိတ်ဆို့အရေးယူရန်နှင့် ဒေသခံတိုင်းရင်း သားအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ (CBO) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSO) မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှုအကူအညီများကို တိုးမြှင့်ပေးအပ်ရန် KWAN က တိုက်တွန်းထားသည်။
ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက် (KWAN) ကို ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ ရရှိစေရန်နှင့် ကော်သူးလေ (ကရင်ပြည်) တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးတို့ကို အာမခံနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။


















