Home သတင်း အတိတ်ကို သင်ခန်းစာယူ၍ စည်းလုံးညီညွတ်ကြရန် ကရင်နှစ်သစ်ကူးနေ့တွင် KNDO တပ်ရင်းမှူး တိုက်တွန်း

အတိတ်ကို သင်ခန်းစာယူ၍ စည်းလုံးညီညွတ်ကြရန် ကရင်နှစ်သစ်ကူးနေ့တွင် KNDO တပ်ရင်းမှူး တိုက်တွန်း

795

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးကာလ နှစ်ပေါင်း (၇၀) ကျော်အတွင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာယူပြီး ကရင့်လက်နက်ကိုင်အဖွဲ့အစည်းအကြား စည်းလုံးညွတ်မှုရှိကြရန် ယမန်နေ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၈)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးက တိုက်တွန်းပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (မြဝတီခရိုင်၊ ဝေါလေမြို့နယ်ခွဲ) ရှိ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်-DKBA ထိန်းချုပ်ရာ က‌လော်ဝေါ်ကျေးရွာတွင် ပြုလုပ်ကျင်းပသည့် ကရင်နှစ် ၂၇၆၄ ခု၊ ကရင်အမျိုးသားနေ့ပွဲတော်အခမ်းအနားတွင် ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ဒီ (၇၅) နှစ်အတွင်း အတွေ့အကြုံတွေကို သင်ခန်းစာယူရမယ်။ စည်းလုံးမှုမရှိရင် နောင် (၇၅) နှစ်အထိလည်း လွတ်လပ်မှာ မဟုတ်ဘူး။ ကျနော်တို့မှာ လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍ မတူ ပေမယ့် ပန်းတိုင်က တူတူပဲဆိုတာ သိရမယ်။ အားလုံးမှာလည်း တာဝန်ရှိတယ်။ လူမျိုးကို ချစ်တယ် ဆိုတာ ပါးစပ်ကပဲ ပြောလို့မရဘူး။ လူကိုယ်တိုင်လည်း အားစိုက်လုပ်ဆောင်ရမယ်။ လိုချင်တဲ့ပန်း တိုင်ရောက်တဲ့ထိ စည်းလုံးသွားကြမယ်။ မကြာခင် လွတ်လပ်ရေးကို မြင်တွေ့ရမှာ ဖြစ်တယ်။” ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၏ ဦးဆောင်စီစဉ်မှုဖြင့် ပြုလုပ်ကျင်းပသည့် နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO၊ ကော်သူးလေအာမီ- KTLA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA စသည့် တာဝန်ရှိသူများအပြင် DKBA တပ်ဖွဲ့ဝင်များ မိသားစုဝင်များနှင့် လူထုပရိသတ် (၁၀၀၀) နီးပါးဖြင့် တက်ရောက်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များမှ ဂုဏ်ပြုစကားများ ပြောကြားခြင်းအပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်ကော်သူးလေအာမီ- စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စောနယ်ဒါးမြတို့၏ ပေးပို့သော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြသည်။

ကလော်ဝေါ်ကျေးရွာ၌ ကျင်းပသည့် ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားသို့ အနီးအနားရပ်ရွာများမှ လူထု များ တက်‌ရောက်ခဲ့ကြပြီး အမျိုးသားအလံ‌တော်လွှင့်ထူခြင်း၊ နှစ်သစ်သဝဏ်လွှာဖတ်ကြား ခြင်း၊ ဒုံးအက များဖြင့် ‌ဖျော်‌ဖြေခြင်း၊ ဖီဖူယော်ရိုးရာ သရုပ်ပြခြင်း‌ခြင်း၊ သက်ကြီးပူဇော်ကန်တော့ခြင်း၊ အားကစား ဆုချီးမြှင့်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယမန်နေ့ ကျရောက်သည့် ကရင်နှစ် ၂၇၆၄ ခု၊ ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို KNU၊ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) နှင့်နယ်ခြားစောင့်တပ် -BGF နယ်မြေများတွင်အပါအဝင် ထိုင်း-မြန်မာနယ်စပ်၊ ပြည်တွင်းနှင့် နိုင်ငံတကာရောက် ကရင်အမျိုးသားများလည်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။