အောက်တိုဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်းချောင်းကူးတံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အောက်တိုဘာ(၁၅)ရက်နေ့မှစ၍ ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အမြင့်ဆုံးဆုကြေး ကျပ်သိန်းတစ်ထောင်အထိ နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်-KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပံ့ပိုးထားကြောင်း နီးစပ်သူများထံမှသိရသည်။
ချစ်သူမင်္ဂလာဟုအမည်ပေးထားသည့် ကြာအင်းချောင်းကူးတံတားကို လာမည့်နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ထိုပွဲအထိမ်းအမှတ်အဖြစ် ယမန်နေ့မှစတင်ကာ ကြာအင်း၊ စိုက်ပျိုးရေးကွင်းအတွင်း အငယ်တန်း၊ အကြီးတန်း ဘောလုံးပြိုင်ပွဲများ ပြုလုပ်နေခြင်းဖြစ်သည်။
အငယ်တန်းဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၆၃) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သလို အကြီးတန်းပြိုင်ပွဲတွင် အသင်း(၆)သင်း ပါဝင်မည်ဖြစ်သည်။ ဆုကြေးများကို အငယ်တန်းအတွက် ပထမဆု သိန်း(၇၀၀)နှင့် မော်တော်ယာဥ်တစ်စီးသတ်မှတ်ထားပြီး အကြီးတန်းအတွက် ပထမဆု ကျပ်သိန်း(၁,၀၀၀)ချီးမြှင့်မည်ဟု ကျေးရွာတာဝန်ရှိသူက ဆိုသည်။
“မနေ့က စတာက အငယ်တန်းပါ။ အငယ်တန်းမှာ (၆၃) သင်း ပါဝင်ပြီး ပထမဆုအနေနဲ့ ငွေကျပ် သိန်း (၇၀၀) နဲ့ လိုင်စင်ကားတစ်စီး ပေးဖို့ ရှိပါတယ်။ အကြီးတန်းပြိုင်ပွဲကိုတော့ နောက်လကျမှ လုပ်မှာဖြစ်ပြီး အသင်း (၆) သင်း ပါဝင်မှာပါ။ အကြီးတန်း ပထမဆုကတော့ သိန်း (၁,၀၀၀) ပေးမယ်” ဟု ကြာအင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
ပြိုင်ပွဲဝင်အသင်းများအနေဖြင့် တစ်သင်းလျှင် အသင်းသား(၂၃)ဦး၊ နည်းပြနှင့်အုပ်ချုပ်သူ(၂)ဦး စုစုပေါင်း(၂၅)ဦး ရှိရမည်ဖြစ်ကြောင်းကိုလည်း ကျင်းပရေးကော်မတီက သတ်မှတ်ထားသည်။

ထို့အပြင် မူးယစ်ဆေးကင်းစင်ရန်ရည်ရွယ်ထားခြင်းကြောင့် ပြိုင်ဝင်ပွဲကစားသမားများအားလုံး ပွဲမဝင်ခင် ဆီးစစ်ရမည်ဖြစ်သလို ဆေးကျပါက ပွဲမှပယ်ထုတ်ကာအချုပ်ကျခံရမည်ဟု ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီက ဆိုသည်။
ထို့အတူ ကြာအင်းတံတားသစ်တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ နွေရာသီတွင် ချောင်းရေနည်းပြီး မိုးရာသီရောက်ပါက တောင်ကျရေကြောင့် မကြာခဏ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ဒေသခံများ သွားလာရေး လွယ်ကူစေရန်အတွက် ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိ ကြာအင်းတံတားတည်ဆောက်မှု (၉၅) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး အချောသပ် အရောင်ဆိုးသည့် လုပ်ငန်းများသာ ကျန်ရှိတော့သည်။ တံတားဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်းများစွာ ကုန်ကျနိုင်ကြောင်းလည်း ကျေးရွာတာဝန်ရှိသူများက ခန့်မှန်းနေကြသည်။
တံတားဖွင့်ပွဲ အခမ်းအနားကို လာမည့် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် အကြီးတန်း ဘောလုံးပြိုင်ပွဲအပါအဝင် ဘောလုံးပြိုင်ပွဲအသီးသီးမှ ဆုရရှိသည့် အသင်းများကို ဆုကြေးငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။



















