Home သတင်း NCA အတိုင်း အပေးအယူမျှမျှ ဆက်သွားရန် စစ်အုပ်စုနှင့်စစ်မဖြစ်သည့် အပစ်ရပ်အဖွဲ့များ ပြော

NCA အတိုင်း အပေးအယူမျှမျှ ဆက်သွားရန် စစ်အုပ်စုနှင့်စစ်မဖြစ်သည့် အပစ်ရပ်အဖွဲ့များ ပြော

173
Photo: PPIB, 7 EAOs

အောက်တိုဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေးဆွေးနွေးမှုနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်-NCA အတိုင်း အလျော့အတင်း အပေးအယူမျှမျှဖြင့် ဆက်သွားကြရန် လက်ရှိစစ်အုပ်စုနှင့်စစ်ပွဲမဖြစ်ဘဲ ဆက်ဆံရေးတည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောသည်။

ယမန်နေ့ အောက်တိုဘာ(၁၅)ရက်နေ့က နေပြည်တော်နယ်မြေတွင်ပြုလုပ်သော NCA (၁၁)နှစ်ပြည့်အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ပွဲတက်ရောက်လာကြသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိုသို့ပြောဆိုသွားကြခြင်းဖြစ်သည်။

“မြန်မာ့နိုင်ငံရေးဆွေးနွေးသည့် အဖွဲ့အစည်းများအားလုံးဟာ ပြည်သူမှပေါက်ဖွားလာသော အစုအဖွဲ့များဖြစ်သည့်အလျောက် နိုင်ငံ၊ ပြည်သူနှင့် အနာဂတ်မျိုးဆက်ကို ရှေးရှုကာ အလျော့အတင်း၊ အပေးအယူ ညှိညှိနှိုင်းနှိုင်းဖြင့် NCA လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ကြမည်ကို မျှော်လင့်ကြောင်း” ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက မိန့်ခွန်းတွင်ပြောသည်။

ထို့အပြင် စစ်အုပ်စုနှင့်ငြိမ်းချမ်းရေး ဖိတ်ခေါ်တွေ့ဆုံမှုများမပြတ်ရှိနေ၍ ဂုဏ်ယူကြောင်း ဝန်ခံထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ကလည်း မိမိတို့အကျိုးနှင့်ပြည်ထောင်စုအကျိုးကို ကြည့်၍ NCA အတိုင်း မျှမျှတတ လက်တွဲလုပ်ဆောင်နိုင်ပါက ပြည်သူလူထုခက်ခဲဒုက္ခရောက်မည် မဟုတ်ဟု ၎င်းတို့မိန့်ခွန်းတွင် ဆိုသည်။

၂၀၁၅ ခုနှစ်က နိုင်ငံအဆင့် NCA ပွဲပေါ်ပေါက်လာချိန်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင် DKBA နှင့် PC တို့သည် မိခင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့်မတူညီသော ဆုံးဖြတ်ချက်ဖြင့် အာဏာသိမ်းပြီးကတည်းက ယခုအချိန်ထိ စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

Photo: PPIB, 7 EAOs

DKBA သည် အထူးသဖြင့် ၂၀၂၆ ခုနှစ်ထဲတွင် နေပြည်တော်၌စစ်အစိုးရအဖွဲ့နှင့်သွားရောက်တွေ့ဆုံမှုမှ ဖားအံတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းအထိ ရှိခဲ့သလို PC ကလည်း စစ်အုပ်စု၏ငြိမ်းချမ်းရေးကော်မတီ(NSPNC)နှင့် မကြာခဏတွေ့ဆုံခွင့်ရရှိကာ အသိအမှတ်ပြုခံရသည့် အဆင့်အတန်းတစ်ခုတွင်ရှိနေသည်။

တဖက်တွင်မူ ၎င်းတို့သည် စစ်အုပ်စု၏ နယ်မြေအတွင်းလေကြောင်းတိုက်ခိုက်မှုများမှ ကင်းလွတ်ခွင့်ရနေသလို နယ်စပ်လမ်းကြောင်းများပေါ် ဂိတ်ချအခွန်ကောက်ခံမှုမှတဆင့် ကုန်သွယ်ရေးလုပ်ပိုင်ခွင့်အထိ ရရှိကာ အကျိုးအမြတ်ရယူနေကြကြောင်း ကရင်အရပ်ဖက်အဖွဲ့များနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အပြင် ဥရောပသမဂ္ဂ-EU ၏ DKBA ကို ဒဏ်ခတ်ပိတ်ဆို့မှုကြေညာချက်အရ DKBA ၏ ဝင်ငွေသည် နယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အကာအကွယ်ပေးရာမှ ရရှိနေကြောင်းလည်း သိရသည်။ လေ့လာစောင့်ကြည့်သူများကမှု စစ်အုပ်စုကမျက်ကွယ်ပြု၍ ကြံရာပါပတ်သက်နေသော အဆိုပါကျားဖြန့်ဝင်ငွေများဖြင့် DKBA ၏ အင်အားတိုးချဲ့၊ လက်နက်တပ်ဆင်ခဲ့သည်ဟု သုံးသပ်ပြသည်။

တဖက်တွင်လည်း စစ်အုပ်စုက အာဏာသိမ်းပြီး ပြည်သူအပေါ်တိုက်ခိုက်မှုကြောင့် NCA ဟာ “စက္ကူစုတ်” သာ ဖြစ်သွားကြောင်း ကေအဲန်ယူအပါအဝင် ယခင်က အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက တညီတညွှတ်တည်း တုံ့ပြန်ကြသလို လက်ရှိအချိန်ထိလည်း စစ်အုပ်စုနှင့် တိုက်ပွဲဆက်လက်၍ဖော်ဆောင်နေကြသည်။

အပစ်ရပ်အဖွဲ့များကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ဆုံးဖြတ်ချက်ချနိုင်သူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်မူဝါဒထက် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဘုံသဘောတူညီချက်တည်ဆောက်ကြရန် NCA (၁၁) နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းတိုက်တွန်းထားသည်။

Photo: PPIB, 7 EAOs

ထို့အပြင် စစ်အုပ်စုအနေဖြင့် အလျော့အတင်း မူဝါဒကို ဖော်ထုတ်၍ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ အဖွဲ့အစည်းတွေပိုမိုပါဝင်လာနိုင်ရန် လမ်းဖွင့်ပေးစေလိုကြောင်းလည်း အပစ်ရပ်အဖွဲ့များက ဆိုသည်။

ထို့အတူ ရွေးကောက်ခံအစိုးရဟု မိမိကိုယ်ကိုခံယူထားသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ၎င်း၏အစိုးရသက်တမ်း(၅)နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်နေကြောင်း အပစ်ရပ်အဖွဲ့များနှင့် ယမန်နေ့က နေပြည်တော်တွင်တွေ့ဆုံရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များကိုမူ ဖြစ်ချင်တာကိုမပြောဘဲ ဖြစ်သင့််တာသာပြောရမည်ဟု မင်းအောင်လှိုင်က ကန့်သတ်၍ ငြိမ်းချမ်းရေးရပြီးပါက ပါတီထောင်၊ စီးပွားရေးလုပ်၊ နယ်ခြားစောင့်တပ်ဖွဲ့တာဝန်ယူပြီး သာမန်ပြည်သူအဖြစ်လည်း နေသွားနိုင်သည်ဟု ဆိုသည်။

မူလက NCA ကို KNU, DKBA, PC, အပါအဝင် ချင်းအမျိုးသားတပ်ဦး-CNF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLO, ကျောင်းသားတပ်မတော်-ABSDF, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP (၈)ဖွဲ့မှ စတင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုအပြီး NCA ကို အဖွဲ့ဝင်အများစု အသိအမှတ်ပြုမှုမရှိတော့၍ တရားဝင်မှု အားနည်းလာသော်လည်း၊ နိုင်ငံရေးအရ အသုံးဝင်နေဆဲဖြစ်ခြင်းကြောင့် စစ်အုပ်စုက အာဏာတည်မြဲရေး၊ စစ်ရေးအခြေအနေထိန်းချုပ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးပြန်ဖွင့်ရေး အတွက် အသုံးချနေကြောင်း လေ့လာသူများက သုံးသပ်သည်။

Photo: PPIB, 7 EAOs