ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆) နယ်မြေ၊ ကော့က ရိတ်မြို့ နယ် ကျိုက်ဒုံဒေသရှိ ကျေးရွာများတွင် ယခုနှစ်ကျရောက်သည့် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ် ကူးနေ့ပွဲတော် မကျင်းပနိုင်သည့်အတွက် ဒေသခံလူငယ်တော်တော်များသည် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည် စခန်းနှစ်သစ်ကူးနေ့ပွဲတော်သို့ သွားရောက်ဂုဏ်ပြုဆင်နွှဲကြသည်ဟု သိရသည်။
ကျိုက်ဒုံဒေသတွင် စစ်ကောင်စီတပ်စခန်းများ ကင်းစင်သွားပြီးဖြစ်သော်လည်း လေယာဉ်မကြာခဏ လာရောက်ပျံဝဲနေသည့်အတွက် ဒေသအတွင်းရှိ ကျေးရွာလူထုများသည် ပျော်ပွဲရွှင်ပွဲများ မကျင်း ပရဲသလို ယခုနှစ်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကိုလည်း ခမ်းခမ်းနားနား မကျင်းပနိုင်ကြခြင်းဖြစ်သည်။
နို့ဖိုးဒုက္ခသည်စခန်းတာဝန်ခံ စောကျော်ဝေါ်က “ ကျနော်တို့ကို ကရင်နှစ်သစ်ကူးကိုဂုဏ်ပြုဖို့ ကျင်းပခွင့် ပေးတဲ့ ထိုင်းအာဏာပိုင် တာဝန်ရှိသူတွေကို အရင်ဦးဆုံး ကျေးဇူးတင်ရမှာဖြစ်တယ်။ ဒီနှစ်ကတော့ ဒုက္ခသည်စခန်းမကဘဲ ပြည်တွင်းမှာ နိုင်ငံရေးအခြေအနေကြောင်း နှစ်သစ်ကူးမကျင်းမနိုင်လို့ ကျနော်တို့နဲ့အတူတူ ဒီဒုက္ခသည်စခန်းမှာ လာပြီးဂုဏ်ပြုတယ်။ ကျိုက်ဒုံဒေသဘက်မှာဆိုရင် စစ်တပ် ဒရုန်းလေယာဉ်၊ အမြဲလာတော့ ကျေးရွာတာဝန်ရှိသူတွေကလည်း သူတို့ အာမခံပြီး ပွဲမကျင်း ပရဲဘူးတော့ နှစ်သစ်ကူး ခမ်းခမ်းနားနား မကျင်းပဖြစ်ဘူးလို့ ကြားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
နို့ဖိုးဒုက္ခသည်စခန်း၌ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ပြည်တွင်းမှ ကရင်လူထုအပြင် စခန်း အနီးဝန်းကျင်ရှိ ကရင်ကျေးရွာအများအပြားရှိ ကရင်လူထုများလည်း လာရောက်ပူးပေါင်းပါဝင် တက်ရောက်လျက်ရှိသည်။
“ကျနော်တို့ ကျိုက်ဒုံ၊ မိတန်ဘက်မှာတော့ အခုထိ ပွဲတွေဘာတွေ မလုပ်ရဲသေးဘူး လေယာဉ် ကြောက်ရတုန်းပဲ ။ ကျနော်တို့က လူငယ်ပဲဆိုတော့ ပွဲတွေသွားချင်တယ်။ ပြည်တွင်းက တစ်ခြား နေရာမှာလည်း မသွားရဲတော့ ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ နှစ်သစ်ကူးလာတာပေါ့”ဟု ကျိုက်ဒုံမြို့ခံ လူငယ် စောအဖောင်က ကေအိုင်စီသို့ ပြောသည်။

ကျိုက်ဒုံဒေသရှိ ကျေးရွာများတွင် ကရင်နှစ်သစ်ကူးပွဲ မကျင်းပနိုင်သော်လည်း လယ်ယာလုပ်ကိုင်သည့် လယ်သမားအချို့သည် ကရင်နှစ်သစ်ကူးကာလတွင် ယခုနှစ်ထွက်ရှိသည့် ဆန်၊ စပါးသစ်များကို ကောက်သစ်စားပွဲ အလှူများ ကျင်းပကြခြင်းလည်းရှိကြောင်း သိရသည်။
နို့ဖိုးဒုက္ခသည်စခန်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် စခန်းရှိ ကရင်လူ အမျိုးအပါအဝင် ဗမာ၊ အစ္စလာမ် စသည့် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား ၈၀ ကျော်ကိုလည်း ပူဇော်ဂုဏ်ပြုခဲ့ကြသည်။ ကရင်လူမျိုးများ၏ ပျောက်ကွယ်လုနီးပါးဖြစ်သည့် ကရင်အခေါ် (ထား) ကိုလည်း စခန်းရှိ သက်ကြီးဘိုးဘွားများက ဖော်ထုတ်ရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့သည်။
၎င်းအပြင် ဒုံးဖျော်ဖြေရေးအစီအစဉ်တွင် ဒုက္ခသည်စခန်းရှိ ဒုံးအဖွဲ့များကပြဖျော်ဖြေပေးသည့်အပြင် ပြည်တွင်းရှိ တရိတခေါင်းကျေးရွာလူငယ်ဒုံးအဖွဲ့လည်း လာရောက်ကပြဖျော်ဖြေခဲ့သည်ဟု သိရသည် ။
ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် ဘောလုံးပြိုင်ပွဲ၊ လက်ဝှေ့ ပြိုင်ပွဲများလည်း ကျင်းပကာ ဒုက္ခသည်စခန်းရှိ လူငယ်များအပြင် ပြည်တွင်းရှိ ကျေးရွာအချို့မှ လူငယ်များလည်း လာရောက် ယှဉ်ပြိုင်ကစားခဲ့ကြသည်ဟု သိရသည်။



















