Home သတင်း ဝင်းရေး၊ ပုလိန်ရွာအနီး စစ်အုပ်စုကြားဖြတ်တိုက်ခံရမှု (၅) ဦးထက်မနည်းသေဆုံးခဲ့

ဝင်းရေး၊ ပုလိန်ရွာအနီး စစ်အုပ်စုကြားဖြတ်တိုက်ခံရမှု (၅) ဦးထက်မနည်းသေဆုံးခဲ့

64
Photo crd- CJ, Wikipedia

အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်၊ ပုလိန်ရွာအနီး ပြီးခဲ့သည့်အောက်တိုဘာ(၁၂)ရက်နေ့က စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် တပ်ဖွဲ့ဝင်(၅) ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။

အဘစ်စခန်းမှတဆင့် ပုလိန်ရွာသို့ ဆင်းလာသည့်အဆိုပါစစ်အုပ်စုစစ်ကြောင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ(၁၄)ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ (၅) ဦးထက်မနည်းသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ အယောက် (၂၀) ဦး ကျော်ရှိခဲ့၍ ယမန်နေ့ ညနေပိုင်းတွင် ပုလိန်ရွာမှ ၎င်းတို့အခြေချနေသည့် ဇီးဖြူကုန်းစခန်းသို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။

“စစ်ကြောင်းကတော့ ထွက်သွားပြီ။ ရွာထဲမှာပဲ မမြုပ်ထားတဲ့ စကစ အလောင်း(၅)လောင်း ပြန်တွေ့တယ်။ အပုပ်နံ့တွေတောင် ထွက်နေပြီ။ တချို့ကျတော့ သူများအိမ်ထဲမှာ တွေ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo crd- CJ, Wikipedia

ထို့အပြင် စစ်အုပ်စုတပ်ဖွဲ့ဝင် တစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ဒေသခံများပြောပြချက်အရ ပြီးခဲ့သည့်ရက်က စစ်အုပ်စုစစ်ကြောင်းထိုးလာစဉ် အကာအကွယ်ရရေးအတွက်ဟု ယူဆရသည့် ရွာနေအရပ်သားပြည်သူ(၁၀)ဦးထက်မနည်းကို ဖမ်းဆီးထားခြင်းရှိခဲ့သည်။

ယခုလက်ရှိ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် အဆိုပါရွာခံများပြန်လည်လွတ်မြောက်လာသလို တိုက်ပွဲဖြစ်စဥ်အတွင်း နေရပ်တိမ်းရှောင်ထွက်ပြေးနေရသည့် ရွာခံအချို့မှာလည်း ရွာထဲပြန်လည်ဝင်ရောက်နေထိုင်ကြပြီဟု ဆိုသည်။

ထို့အတူ စစ်အုပ်စုစစ်ကြောင်းက ပစ်ခတ်မှုကြောင့် အောက်တိုဘာလ (၁၂) ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေဆုံးမှုရှိခဲ့သလို နှစ်ဖက်အပြန်အလှန်တိုက်ပွဲအတွင်း မုဒုံ-ဘုရားသုံးဆူသွားသည့် ခရီးသည်(၂)ဦးထက်မနည်း လက်နက်ထိမှန်သေဆုံးခဲ့ကြောင်း သိရပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။