Home Facts Checking News KNU ဆီပို့မယ့် ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ထိုင်းရဲ ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းအမှား

KNU ဆီပို့မယ့် ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ထိုင်းရဲ ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းအမှား

11

KNU ဆီပို့မယ့် ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ထိုင်းရဲ ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်

ဖက်ဒရယ် FM/ KIC/ The Red Flag/ MFCN

အာဏာသိမ်းစစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Ko Thet တယ်လီဂရမ်ချန်နယ်ကနေ “ KNUဆီပို့မဲ့ ပစ္စည်းတွေကို ထိုင်းရဲတွေက ဖမ်းဆီးမိတယ်”ဆိုတဲ့ အကြောင်အရာကို ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။

အဲ့ဒီ အကြောင်းအရာကို Likeပြုလုပ်သူ – ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ- ၇၀၀၀ ကျော်ရှိနေပါတယ်

ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။

Ko Thet >>>> https://archive.ph/pFFKS

အဲ့ဒီအကြောင်းအရာကိုပဲ Myanmar National Post ဆိုတဲ့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်နဲ့ ကရင်ပြည်နယ်သတင်းတွေကိုဝါဒဖြန့်နေတဲ့ Saw Ba Maung ချန်နယ်တို့မှာလည်း ထပ်ဆင့် ဖြန့်ဝေထားတာ တွေ့ရပါတယ်။

Myanmar Nation Post >>>> https://archive.ph/ei6XM
Saw Ba Maung – https://archive.ph/71nqw

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ KICတို့က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာတော့ မှားယွင်းချိတ်ဆက်ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

အချက်အလက်စိစစ်မှု
အာဏာသိမ်းစစ်တပ် စစ်တပ်လော်ဘီတွေက ဖြန့်ဝေထားတဲ့ အကြောင်းအရာကို သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေကြတဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ တိုက်ဆိုင်စိစစ်ကြည့်တဲ့အခါမှာတော့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံလွင်ခက်သတင်းဌာန၊ မဇ္ဈိမ သတင်းဌာနတို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။

သံလွင်ခက်သတင်းထဲမှာ‌တော့ “ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲထို စစ်ဆေးရေးဂိတ်မှာ အမှတ် (၆) မှုခင်းနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်က ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက် ၊ နံနက် ၄ နာရီခန့်မှာ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ဆေးပြီးတော့ မောင်းသူမဲ့စနစ်သုံး စက်ပစ္စည်း ၂၄ မျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

သံလွင်ခက် သတင်းလင့်ခ် – https://shorturl.at/di1uj

နောက်ထပ် မဇ္ဈိမသတင်းထဲမှာ‌လည်း “ အဲ့ဒီဖြစ်စဉ်တွေက ဩဂုတ်လ ၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ FPV မျက်မှန်တွေ၊ ဒရုန်းပန်ကာဒလက်တွေ၊ ဒရုန်းကိုယ်ထည်တွေ၊ ရုပ်ပုံပြသမျက်နှာပြင်တွေ နဲ့ အခြားအီလက်ထရွန်နစ်ပစ္စည်းတွေ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ပစ္စည်းတွေရဲ့ မူလရင်းမြစ်နဲ့ သယ်ယူပို့ဆောင်မယ့်နေရာကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

မဇ္ဈိမသတင်းလင့်ခ် – https://shorturl.at/9EWB1

ဒါပေမဲ့ အဲ့ဒီပစ္စည်းတွေက KNU ဆီ ပို့မယ့်လက်နက်တွေဆိုပြီး ဖော်ပြထားတဲ့ ပြည်တွင်းသတင်းမီဒီယာမရှိပါဘူး။
ထိုင်းနိုင်ငံထဲက မီဒီယာတွေမှာစုံစမ်းစစ်ဆေးကြည့်တာတော့ လျှပ်စစ်ပစ္စည်းအပါအဝင် ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ မိတယ်လို့ပဲဖော်ပြထားပြီး ပို့တဲ့သူ၊ လက်ခံမယ့်သူတွေရဲ့ မူလအရင်းအမြစ်ကို ထည့်သွင်းထားတာ မတွေ့ရပါဘူး။

Thairath – https://shorturl.at/k9HyZ
We News- https://tinyurl.com/2v2ynfx9

သုံးသပ်ချက်
ကိုသက် တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားတဲ့ “KNU ဆီပို့မယ့် ပစ္စည်းတွေကို ထိုင်းရဲတွေက ဖမ်းဆီးမိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ဖြစ်စဉ်မှန်တစ်ခုကို အခြေခံထားပေမယ့် သတင်းအချက်အလက်ကိုလိုသလိုပြုပြင်ဖန်တီးပုံဖော်ထားတဲ့သတင်းမှားဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲထိုစစ်ဆေးရေးဂိတ်မှာ ဩဂုတ်လ ၈ ရက်နေ့က မသင်္ကာဖွယ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ဆေးရာမှာ ဒရုန်းနဲ့ ဆက်စပ်တဲ့ စက်ပစ္စည်းတွေ၊ FPV မျက်မှန်၊ ဒရုန်းကိုယ်ထည်နဲ့ အခြားအီလက်ထရွန်နစ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာကို အတည်ပြုနိုင်ပါတယ်။

ဒါပေမယ့် ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ မူလရင်းမြစ်နဲ့ ဘယ်နေရာကို ပို့ဆောင်မယ်ဆိုတာကို အဲဒီအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာလည်း အဆိုပါပစ္စည်းတွေကို KNU ဆီပို့မယ့် ပစ္စည်းတွေဖြစ်တယ်လို့ အတည်ပြုဖော်ပြထားတာ မတွေ့ရပါဘူး။

စစ်တပ်လော်ဘီတွေဟာ ထိုင်းနိုင်ငံမှာတရားမဝင်ပစ္စည်းတွေဖမ်းဆီးမိတဲ့အကြိမ်အများစုမှာ တရားခံက တော်လှန်ရေးတပ်ဖွဲ့ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေပဲလို့ အမှားနဲ့အမှန် ရောပြွန်းချိတ်ဆက်ပြီး ဝါဒဖြန့်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း ထိုင်းမှာမိတဲ့ဒရုန်းဆက်စပ်ပစ္စည်းတွေကို KNU ဆီပို့တာပါလို့ သတင်းအမှားဖြန့်ခဲ့တာရှိသလို MFCN အဖွဲ့ဝင်တွေက စိစစ်ပြခဲ့ပါသေးတယ်။

အချက်အလက်စိစစ်ထားတဲ့သတင်းလင့်ခ်- https://tinyurl.com/3x7z3vuz

စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FFM #FactCheck #Mis_Disinformation #Mis_Disinformation
#KNU