Home Facts Checking News ကရင်သီချင်း ရိုက်ကွင်းနောက်ကွယ်ကပုံများ အသုံးပြုပြီး KNU/PDF မှ အလှူခံရန် ဇာတ်လမ်းဖန်တီးနေသည်ဟု စစ်လော်ဘီတွေ သတင်းမှားဖြန့်

ကရင်သီချင်း ရိုက်ကွင်းနောက်ကွယ်ကပုံများ အသုံးပြုပြီး KNU/PDF မှ အလှူခံရန် ဇာတ်လမ်းဖန်တီးနေသည်ဟု စစ်လော်ဘီတွေ သတင်းမှားဖြန့်

8

ကရင်သီချင်း ရိုက်ကွင်းနောက်ကွယ်ကပုံများ အသုံးပြုပြီး KNU/PDF မှ အလှူခံရန် ဇာတ်လမ်းဖန်တီးနေသည်ဟု စစ်လော်ဘီတွေ သတင်းမှားဖြန့်

စက်တင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။

KIC/ The Red Flag/ MFCN

ကွယ်လွန်သူ ကရင်တေးရေးအဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း ရိုက်ကူးမှုနောက်ကွယ်က ဓာတ်ပုံများအသုံးပြု၍ KNUနှင့်PDF များက အလှူခံဖို့ တိုက်ပွဲပြင်းထန်သယောင် ဇာတ်လမ်းဖန်တီးလိမ်လည်နေသည်ဟု စစ်လော်ဘီများမှသတင်းမှားဖြန့်နေသည်။

အဆိုပါ ဝါဒဖြန့်ဝေမှုကို စစ်အုပ်စုအမာခံ ထောက်ခံသူ မှိုင်းဝေမှ လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို လုပ်ကြံသတင်းများဖြင့် ဆက်တိုက်ဝေဖန်တိုက်ခိုက်နေသည့် ကျော်ဆွေ နှင့် Hein Sithu အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူတို့မှ လည်းကောင်း ၎င်းတို့ကိုယ်ပိုင်အကောင့်များတွင် ဩဂုတ်လ(၃၀)ရက်နေ့က တင်ထားခြင်းဖြစ်သည်။

ယနေ့အထိ မှိုင်းဝေသတင်းကို ကြည့်ရှုသူ (၂)သောင်းကျော်ရှိသလို ကျော်ဆွေနှင့် Hein Sithu တို့မှ ကူးယူဖော်ပြထားသည့် ရိုက်ကွင်းနောက်ကွယ်က ရုပ်သံကိုလည်း Like လုပ်သူ ထောင်ချီရှိနေပြီး မှတ်ချက်ပေးသူနှင့် ပြန်လည်မျှဝေသူ (၁)ရာထက်မနည်း ရှိသည်။

မှိုင်းဝေ – https://archive.ph/iLf1l

ကျော်ဆွေ လင့်ခ်(၁)- https://archive.ph/M0MTj
လင့်ခ်(၂)- https://archive.ph/CO1mG

Hein Sithu – https://archive.ph/o5Q8U
Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီမှ စစ်တပ်လော်ဘီများဖြန့်နေသည့်သတင်းမှားကို အချက်အလက်စိစစ်ဖော်ပြထားပါသည်။

#စိစစ်ချက်
ရုပ်သံဖိုင်ကိုစစ်ဆေးကြည့်ရာ စစ်ယူနီဖောင်းဝတ်ဖြင့် ပါဝင်ထားသည့်အမျိုးသားက စကောကရင်အဆိုတော် KaPaw Joy ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် ၎င်းကလည်း “Happy Poe ရေးပေးထားတဲ့သီချင်းကို MTV လာရိုက်တာပါ၊ သီချင်းခေါင်းစဥ် ထွံၣ်ဝါဃံ(ထွီဝါးခီး) ပါ” ဟု လည်းကောင်း၊ Video ရိုက်ကူးသူက “စောဘဦးကြီးကျဆုံးသွားတဲ့နေရာမှာပါ အနောက်မှာတော့ ဒေါနတောင်တွေဖြစ်ပါတယ်”ဟု လည်းကောင်း ကရင်ဘာသာဖြင့်ပြောဆိုသွားသည်။

ထို့နောက် Google တွင် သီချင်းခေါင်းစဥ် ထွံၣ်ဝါဃံ ဖြင့် Keyword အသုံးပြုရှာကြည့်ရာ K’Paw Joy Official Channel မှ ယူကျု့တွင်တင်ထားသော မူရင်းသီချင်းကိုတွေ့ရှိခဲ့သည်။

Youtube လင့်ခ် – https://shorturl.at/aRasH

Kapaw Joy သည် စကောကရင်ဘာသာဖြင့်သီချင်းများကို ကိုယ်တိုင်သရုပ်ဆောင်သီဆို၍ ၎င်း၏ကိုယ်ပိုင်ယူကျူ့ချန်နယ်တွင် တင်ဆက်နေသူဖြစ်ပြီး ကရင်ဂီတအသိုင်းအဝိုင်းတွင်လည်း လူသိများသူဖြစ်သည်။

ထို့အပြင် ကရင်ဘာသာစကားဖြင့်သီဆိုထားသည့် ထွံၣ်ဝါဃံ သီချင်းတစ်ခုလုံး၏အဓိပ္ပါယ်မှာ အမျိုးသားရေးစိတ်ဓာတ်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွှတ်ကြရန်ကို ဖော်ညွှန်းထားခြင်းဖြစ်ကြောင်း Gemini AI အကူအညီဖြင့် ရုပ်သံစာသားပါ ကရင်စာကိုဘာသာပြန်၍ နားလည်ရသည်။

ထို့နောက် KaPaw Joy ၏ ကိုယ်ပိုင်ဖေ့ဘွတ်ခ်အကောင့်ကို ဆက်လက်ရှာဖွေရာ ထွံၣ်ဝါဃံ သီချင်းအား ရိုက်ကူးပေးသည့် Saw Gyoe Phyu အကောင့်ကိုတွေ့ခဲ့ရပြီး ၎င်းမှတင်ထားသော စစ်လော်ဘီများပုံမှားရိုက်ထပ်ဆင့်ဝါဒဖြန့်နေသည့် ရုပ်သံ၏ မူရင်းဖိုင်ကို တွေ့ရှိခဲ့သည်။
မူရင်းလင့်ခ် – https://shorturl.at/oiYkb

#သုံးသပ်ချက်
ဖော်ပြပါအချက်အလက်များဖြင့် စိစစ်ကြည့်ရာတွင် ဝါဒဖြန့်ချန်နယ်များက ရေးသားဖြန့်ချိနေသလို KNU/PDF က တိုက်ပွဲပုံစံ ဇာတ်လမ်းရိုက်၍ အလှူခံရန် ဖန်တီးနေခြင်းမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ထို့ကြောင့် စစ်လော်ဘီများက ကရင်ဘာသာစကားနားမလည်သော ဆိုရှယ်မီဒီယာအသုံးပြုသူများကို လှည့်စားရန် ကရင်အဆိုတော်အဖွဲ့၏ သာမန် MTV ရိုက်ကွင်းနောက်ကွယ်က လှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက် ကူးယူဖော်ပြနေကြခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork