ထိုင်းခရီးစဉ်မှာ စစ်ခေါင်းဆောင်ကို ဆန္ဒပြသူတွေ ဟန့်တား၊ ဖမ်းဆီးခံရတယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်
Fact-Check | Dawei Watch | KIC | The Red Flag | MFCN
မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဖိတ်ကြားလို့ ထိုင်းခရီးစဥ် လာရောက်ခဲ့ပါတယ်။
အဲဒီခရီးစဥ် မတိုင်ခင်နဲ့ ခရီးစဥ်အတွင်းမှာ ထိုင်းရောက် မြန်မာတွေသာမက ထိုင်းလွှတ်တော်အမတ်၊ ထိုင်းတက်ကြွ လှုပ်ရှားတွေ၊ အဖွဲ့အစည်းတွေကပါ ဆန့်ကျင်ကန့်ကွက်တာ၊ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အုပ်စုဝါဒဖြန့်သူတွေက ဆန္ဒပြသူတွေ ဟန့်တားရိုက်နှက်ခံရတယ်၊ တချို့ ဖမ်းဆီး ခံနေရတယ်ဆိုပြီး ဖြန့်ချိနေကြပါတယ်။
အဲဒီလို ဖြန့်ချိချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတို့က အချက်အလက် ပြန်လည်စိစစ်ထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒသွားပြသူတွေကို ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေး အဖွဲ့ဝင်တွေက ဟန့်တား ထိုးကြိတ်ခဲ့တယ်လို့ Subscriber တစ်သိန်းခွဲကျော်ရှိတဲ့ မှိုင်းဝေ နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က သြဂုတ်လ ၇ ရက်မှာ ဖြန့်ချိပါတယ်။
မှိုင်းဝေချန်နယ်က ဖော်ပြချက်လင့်ခ် – https://archive.ph/Yahsx
နောက်ထပ် D.I Thameedaw. နဲ့ Thae Thae ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ တယ်လီဂရမ်ချန်နယ်နှစ်ခုကလည်း အထက်ပါဖော်ပြချက်ကို ဆက်စပ်ကူးယူဖော်ပြခဲ့ပါတယ်။
D.l Thameedaw ရဲ့ လင့်ခ် – https://archive.ph/vRWmb
Thae Thae ရဲ့လင့်ခ် – https://archive.ph/kcEuJ
◼ စိစစ်ချက်
အထက်ပါဖြန့်ချိချက် သုံးခုမှာ ရုပ်သံမှတ်တမ်းထည့်သွင်း ဖြန့်ချိခဲ့ကြပါတယ်။ အဲဒီပါ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ လှုပ်ရှားမှုတွေကို Screenshot ရိုက်ယူပြီးGoogle Reverse Image နဲ့ ရှာဖွေ စစ်ဆေးကြည့်ရာမှာတော့ ဖြစ်စဥ်အဟောင်းက ရုပ်သံဖိုင်အဟောင်းတွေ ပြန်အသုံးပြုထားတာကို စိစစ်တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာချိန် ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ဆန္ဒပြဖို့ကြိုးစား ခဲ့တဲ့ Bright Future အဖွဲ့ကို ထိုင်းမျိုးချစ်နှုတ်ခမ်းမွှေးအဖွဲ့က လာရောက်ဟန့်တားခဲ့စဥ်က ရုပ်သံဖိုင်ကို ပြန်သုံးထားတာပါ။
အဲဒီဟန့်ထားမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အကြောင်း သံလွင်ခက်သတင်းဌာနက ရုပ်သံသတင်း တင်ဆက်ထားတာ ရှိပါတယ်။ ရုပ်သံသတင်းလင့်ခ် – https://shorturl.at/wv695
Dawei Watch ကလည်း အဲဒီအကြောင်းအရာကို သတင်းဖော်ပြခဲ့ဖူးပါတယ်။ သတင်းလင့်ခ် – https://shorturl.at/Sv1TD
အခု ခရီးစဥ်မှာလည်း Bright Future အဖွဲ့က ဆန္ဒပြခဲ့တာရှိပေမယ့် ရုန်းရင်းဆန်ခတ်တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။
သြဂုတ်လ ၆ရက်က ဆန္ဒပြတဲ့အကြောင်း Dawei Watch က ဖော်ပြထားတဲ့ သတင်းလင့်ခ် – https://shorturl.at/yQakx
ဒါ့ကြောင့် စစ်အုပ်စုဝါဒဖြန့်သူတွေ ပြန်လည်ဖြန့်ချိနေတဲ့ ရုပ်သံဖိုင်ဟာ ရုပ်သံအဟောင်းဖြစ်တာကို စိစစ်တွေ့ရပါတယ်။
အလားတူ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြလို့ ထိုင်းပြည်သူတချို့ အဖမ်းခံနေရတယ်ဆိုပြီး ဖြန့်ချိမှုတွေလည်းရှိနေပါတယ်။
Follower ပြုလုပ်သူ ခုနစ်သောင်းခွဲကျော်ရှိတဲ့ Voice of Unity နာမည်နဲ့ Facebook စာမျက်နှာတစ်ခုက သြဂုတ်လ ၇ ရက်မှာ ဖြန့်ချိခဲ့တာပါ။ လင့်ခ် – https://archive.ph/aQtVq
အဲဒီရုပ်သံကိုလည်း အထက်မှာ စစ်ဆေးခဲ့တဲ့ နည်းအတိုင်း ရှာဖွေစစ်ဆေးကြည့်ရာမှာတော့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးအနီး မြေယာကိစ္စဆန္ဒလာပြကြသူတွေနဲ့ လုံခြုံရေးတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူ သုံးဦး ဒဏ်ရာရတဲ့ သတင်းက ရုပ်သံကို ကူးယူအသုံးပြုထားတာကို စိစစ်တွေ့ရှိရပါတယ် ။
အဲဒီအကြောင်းအရာ ကို ထိုင်းသတင်းဌာနက ရုပ်သံသတင်းဖော်ပြထားတာရှိပါတယ်။ လင့်ခ် – https://shorturl.at/EwtQA
အလားတူ နောက်ထပ် ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Reporters ကလည်း အဲဒီအကြောင်းအရာကို ဖော်ပြထား ပါတယ်။ လင့်ခ် – https://shorturl.at/MyKcE
◼ ထိုင်းရောက် စစ်ခေါင်းဆောင်ကို မြန်မာရော ထိုင်းပါ ကန့်ကွက်ခဲ့
ထိုင်းနိုင်ငံကို ခရီးစဥ်နဲ့ ရောက်ရှိလာတဲ့ မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့ကြောင့် မြန်မာစစ်အာဏာရှင်တွေ အကျိုးဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို ပြန်လည်ဆန်းစစ်ဖို့၊ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမှာ မဟုတ်ဘဲ ပဋိပက္ခကို ပိုမိုရှည်ကြာစေမယ်လို့လည်း ထောက်ပြထားပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ Dawei Watch ရဲ့ သတင်းလင့်ခ် – https://shorturl.at/HjGfr
ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့ရဲ့ ထိုင်းဘာသာစကားနဲ့ ထုတ်ပြန်တဲ့ မူရင်းထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/bPUyx
ထိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်တဲ့အကြောင်း Myanmar Fact-checking Network အဖွဲ့ဝင် People’s Spring သတင်းဌာနက သတင်းဖော်ပြပါတယ်။ လင့်ခ် – https://tinyurl.com/5cpp7s6y
ဘန်ကောက်မြို့ကို မြန်မာစစ်ခေါင်းဆောင် ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာပဲ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတချို့ စုဝေးပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။
“ပြည်တွင်းစစ်မှာ လေယာဉ်သုံးတာ မရှက်ဘူးလား။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ တရားသောစစ် အောင်ရမယ်” ဆိုပြီး သံပြိုင်ဟစ်ကြွေး ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။
အဲဒီကြောင်းအရာကို BBC မြန်မာပိုင်းသတင်းဌာနရဲ့ “ဘန်ကောက်ရောက်နေတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ” ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းမှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/3whdk
Myanmar Now သတင်းဌာနကလည်း ထိုင်းရောက်မြန်မာတွေ ဆန္ဒပြတဲ့အကြောင်း “ထိုင်းရောက် မြန်မာစစ်ခေါင်းဆောင် ကို ကန့်ကွက်ဆန္ဒပြ” ခေါင်းစဥ်နဲ့ ရုပ်သံသတင်းဖော်ပြထားပါတယ်။ ရုပ်သံသတင်း လင့်ခ် – https://shorturl.at/
ခရီးစဥ် မတိုင်ခင်ကပင် မြန်မာစစ်ခေါင်းဆောင်ရဲ့ ထိုင်းခရီးစဥ်ကို ထိုင်းနိုင်ငံရေးသမားတွေ ကန့်ကွက်ခဲ့တာရှိသလို ဆန္ဒပြခဲ့တာလည်း ရှိပါတယ်။
ထိုင်းလွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ကန်နဝီ ကလည်း ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို မတွေ့ဆုံသင့်ဘူးလို့ ခရီးစဥ် မတိုင်ခင်ကတည်းက ထုတ်ဖော်ပြောဆိုဖူးပါတယ်။
အဲဒီလိုထုတ်ဖော်ပြဆိုတာကို “နေပြည်တော်သမ္မတ ထိုင်းခရီးစဉ် ကန့်ကွက်မှုတွေရှိ” ဆိုတဲ့ ခေါင်းစဥ်နဲ့ BBC မြန်မာပိုင်းက ရုပ်သံသတင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရုပ်သံသတင်းလင့်ခ် – https://shorturl.at/T4o59
ထိုင်းလွှတ်တော်ကို မြန်မာစစ်ခေါင်းဆောင် သြဂုတ်လ ၇ ရက်က ရောက်လာစဥ်မှာလည်း ထိုင်းလွှတ်တော် အမတ်တစ်ဦးက အော်ဟစ်ကန့်ကွက်ဆန္ဒပြခဲ့တာကို Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။ လင့်ခ် – https://tinyurl.com/mr3w3uxu
ခရီးစဥ်မတိုင်ခင် သြဂုတ်လ ၃ ရက်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာပြည်ဘက်က သတ္တုတွင်းတွေကြောင့် မြစ်ရေညစ်ညမ်းလာတာကို ဖြေရှင်းပေးဖို့ ဆန္ဒပြပြီး မြန်မာစစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာ ပေးခဲ့ကြပါသေးတယ်။
အဲဒီအကြောင်းအရာကို Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/9BnS0
◼ တွေ့ရှိသုံးသပ်ချက်
မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ရောက်လာချိန်မှာ ထိုင်းရောက်မြန်မာတွေက ဆန္ဒပြကြသလို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း သဘောထားတွေ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ခရီးစဥ်မတိုင်မီကလည်း ကန့်ကွက်ဆန္ဒပြခံရတာတွေရှိခဲ့ပါတယ်။
အဲဒီဆန္ဒပြမှုဖြစ်စဥ်တွေဟာ မအောင်မြင်ခဲ့ဘဲ ဟန့်တား၊ ဖမ်းဆီးခဲ့ရတယ်လို့ စစ်အုပ်စုဝါဒဖြန့် သူတွေက ပုံဖော်ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ရုပ်သံအဟောင်းတွေပြန်သုံးပြီး ဖော်ပြတာလို့ သုံးသပ်ရပါတယ်။
ဒါ့အပြင် အခြားဆန္ဒပြမှုဖြစ်စဥ်က ရုပ်သံတွေနဲ့ အခုဖြစ်စဥ်နဲ့ကို တစ်ခုတည်းဖြစ်သယောင် ပုံဖော်ဖြန့်ချိတာကိုလည်း တွေ့ရပါတယ်။ အဲဒီ ဖြန့်ချိမှုတွေဟာ တကယ်ဖြစ်ပျက်နေတဲ့ သတင်းအမှန်တွေ အမှားနဲ့ဖုံးပြီး တန်ဖိုးလျှော့စေဖို့၊ စစ်ခေါင်းဆောင် ခရီးစဉ်ကို ဖာထေးဖို့ လုပ်ဆောင်တာမျိုးအဖြစ်လည်း တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIC နဲ့ Dawei Watch တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web- https://myanmarfactcheckingnetwork.org/
Fb- https://www.facebook.com/myanmarfactcheckingnetwork



















