အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်များ၏ နည်းပညာစွမ်းရည် မြှင့်တင်ပေးရန်နှင့် ကရင်လူထုအကျိုးပြု ဒစ်ဂျစ်တယ် Application များ ဖန်တီးထုတ်လုပ်နိုင်သည့် မျိုးဆက်သစ်နည်းပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Agentic Software Developer သင်တန်းကို သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်း အခမဲ့ဖြစ်သည့် ပညာသင်ဆု ၂ နေရာ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုသည် Fairway Technology က ဖွင့်လှစ်သည့် Agentic Software Developer သင်တန်းအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပညာသင်ဆုရရှိသူများအနေဖြင့် ဉာဏ်ရည်တု (AI) နည်းပညာနှင့် ဆော့ဖ်ဝဲလ်ဖန်တီးထုတ်လုပ်မှု (Software Development) ဆိုင်ရာ သင်ခန်းစာများကို လက်တွေ့လေ့လာသင်ယူခွင့်ရရှိမည် ဖြစ်သည်။
ကရင်လူငယ်များအနေဖြင့် ကိုယ်ပိုင်ဒစ်ဂျစ်တယ် အပလီကေးရှင်း(App)များ ဖန်တီးနိုင်လာစေရန်နှင့် နည်းပညာနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် လမ်းကြောင်းတစ်ခု ရရှိစေရန် ယခုလို ပညာသင်ဆု ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပညာသင်ဆုပံ့ပိုးသူ နည်းပညာရှင် စောအောင်မြင်က ပြောသည်။
“ကျနော်တို့ ကရင် Application တွေ များများမရှိတဲ့အခါမှာ နောက်ကျရတယ်လေ။ အဲဒါကြောင့် များများရေးဖို့ရယ် နည်းပညာစိတ်ဝင်စားတဲ့ ကရင်လူငယ်အတွက် လမ်းကြောင်းပေါ် ရောက်သွားအောင်ပေါ့နော်။ အေအိုင်ကတော့ လူတိုင်းသုံးတတ်တယ်။ ဒါပေမဲ့ စနစ်တကျနဲ့ ဘယ်လိုသုံးမလဲ။ Application တစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာကို လုပ်တတ်ဖို့ ရည်ရွယ်တာပါ။ အဓိကကတော့ ငွေကြေးမတတ်နိုင်တဲ့သူ၊ လမ်းကြောင်းမသိတဲ့သူတွေကို လာလျှောက်စေချင်ပါတယ်” ဟု စောအောင်မြင်က ပြောသည်။
လက်ရှိ AI နည်းပညာခေတ်တွင် ကရင်အသိုင်းအဝိုင်းအတွက် နည်းပညာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် လူငယ်မျိုးဆက်သစ်များ နည်းပါးနေသေးပြီး အဆိုပါ ကဏ္ဍတွင် ပါဝင်လုပ်ကိုင်နိုင်မည့် လူငယ်များကို ပြန်လည်ပျိုးထောင်ပေးလိုကြောင်း စောအောင်မြင်က ဖြည့်စွက်ပြောသည်။
ပညာသင်ဆု လျှောက်ထားလိုသည့် ကရင်လူငယ်များအနေဖြင့် နည်းပညာနှင့် Programming ကို စိတ်အားထက်သန်စွာ လေ့လာနိုင်ရမည်ဖြစ်ပြီး ၂ လတာအတွင်း သင်တန်းချိန် ပြည့်ဝစွာ ပေးနိုင်သူ ဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။
ထို့အပြင် သင်တန်းပြီးဆုံးပါက ကရင်လူထုအကျိုးပြု နည်းပညာလုပ်ငန်း သို့မဟုတ် ဒစ်ဂျစ်တယ်အပလီကေးရှင်း အနည်းဆုံးတစ်ခုကို မဖြစ်မနေ ဖန်တီးထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိရမည် ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ပညာသင်ဆုလျှောက်လွှာများကို လာမည့် အောက်တိုဘာလ (၂၄) ရက်နေ့ နောက်ဆုံးထားပြီး https://forms.gle/HDwmm7yLD2HykE8s6 ဝက်ဆိုက်မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်မည်လည်း ဖြစ်သည်။
ထို့အတူ အနာဂတ်တွင် ကရင်လူငယ်များအတွက် နည်းပညာဆိုင်ရာ ပညာသင်ဆုများ ဆက်လက်ထောက်ပံ့ပေးလိုသူများအနေဖြင့် နည်းပညာရှင် စောအောင်မြင်ထံ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ပညာသင်ဆုခေါ်စာတွင် ဖော်ပြထားသည်။


















