ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂,၈၃၅ ခုရှိသည်ဟု ကေအဲန်ယူ၊ လူ့အခွင့်အရေးကော်မတီ(KNU-Human Rights Committee -KHRC)က ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကော်သူးလေဒေသအတွင်းရှိ စစ်ကောင်စီ၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို လူအများသိမြင်စေရန်နှင့် ပြည် လူထုများအတွက် တရားမျှတမှု တောင်းဆိုရာတွင် ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ “ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြုံ ကလေးငယ်များနှင့် မိသားစုများ ကော်သူးလေမှ အစုလိုက်အပြုံလိုက် လူသတ်မှု” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကော်မတီက ယခုလို ထုတ်ပြန်ခြင်း ဖြစ်သည်။
အစီရင်ခံစာထဲတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ဒူးပလာယာခရိုင် ငပုအင်းဘုန်းကြီကျောင်း၌ ဝါဆိုသင်္ကန်း ကပ်လှူရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီက ထိုဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် သည့်အတွက် ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသွားရသည့် ဖြစ်စဉ်ကို အဓိကထား မီးမောင်းထိုးပြထားသည်။
အစီရင်ခံစာတွင် ကေအဲန်ယူခရိုင် ၇ ၌ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် ယခင်နှစ်က ဖြစ်ပွားခဲ့သော အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ် မေလတွင် ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ဆင်ရေး တစ်ခုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ ၅ ဦးကျဆုံးသွားပြီးနောက် ထိုဒေသရှိ ညောင်ပင်သာကျေးရွာထဲသို့ ဝင်ရောက် ပြီး ဒေသခံ ၁၉ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ကို ဖော်ပြထားသည်။
ထိုသို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် အရပ်သား ၁၉ ဦးထဲတွင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ပါဝင်ပြီး အမျိုးသမီး ၁၁ ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေး ၄ ဦးပါဝင်သည်။ သတ်ဖြတ်ပြီးနောက် ရွာမှထွက် သည့်အချိန်တွင် အလောင်းများကို စုပုံမီးရှို့ထားသည့် သက်သေမှတ်တမ်းများသည် ဒေသခံပြည်သူများအတွက် မမေ့နိုင်စရာ စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း အစီရင်ခံစာထဲ၌ ဖော်ပြပါရှိသည်။
ထို့ကြောင့် ကော်သူးလေနယ်မြေအတွင်း အဆိုပါ ကျေးရွာ ၂ ရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ပြင်းထန် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူမှုဖြစ်ပေါ်လာရန်အတွက် စတင်မီးမောင်းထိုးပြ ထား ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီ၊ တာဝန်ခံပဒိုနော်ဘလူးမင်းနိုက်ဇန်က ယခုလို ပြော သည်။
“လူ့အခွင့်အရေးနေ့မှာ ဘာဖြစ်လို့ ထုတ်ပြန်ရတာလဲဆိုရင်တော့ နိုင်ငံတကာရဲ့လူ့အခွင့်အရေးနေ့ကို အားလုံးက လေးစားအောင်၊ နောက် လူ့အခွင့်အရေးချိုးဖောက်မှုများ ပပျောက်သွားအောင် ကျမတို့ ကရင်ပြည်နယ်ရဲ့ အတိုင်း အတာလဲ ဒါပါဝင်တယ်။ ဒီလိုဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခံရမှုဟာ ရှိနေသေးတဲ့အတွက် ကြောင့်မို့လို့ ကျမတို့ရဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုအားလုံး၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး သော်လည်းကောင်း ဒီလိုဆိုးဝါးတဲ့လူအခွင့်အရေးကို ကျမတို့ရှုတ်ချပြီး ချိုးဖောက်သူမှန်သမျှ ပညာပေးနိုင် တဲ့ အပိုင်း၊ အရေးယူနိုင်တဲ့အပိုင်း အားလုံးပါဝင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက် မှတ်တမ်းအထောက် အထား များသည်လည်း လွန်စွာအရေးကြီးသလို လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပညာပေး လုပ်ငန်းများ ဆက်လုပ်ဆောင်ရန် လိုအပ်သည်ဟု ပဒိုနော်ဘလူးမင်းနိုက်ဇန်က ဆက်ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့်လည်း ၎င်းတို့၏ ကေအဲန်ယူ- လူ့အခွင့်အရေးကော်မတီကို ချုပ်ကိုင်ထားခြင်းမရှိသလို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးထားသည်။ ထို့အပြင် အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိမရှိအတွက် ခရိုင်၊ မြို့နယ် အဆင့်ဆင့်သို့ ကွင်းဆင်း လုပ်ဆောင်မည်ဖြစ်ပြီးရှိပါက တိုင်ကြားနိုင်ရန် ပြင်ဆင်ထားသည်ဟု ကော်မတီထံမှ သိရသည်။
ကေအဲန်ယူ -လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းရန် ကေအဲန်ယူ ၁၆ ကြိမ်မြောက် ကွန်ဂရက်၌ အတည်ပြု ဆုံးဖြတ်ပြီး ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



















