Home သတင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုမရ၍ အသက်သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၂၄ ဦးရှိလာ

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုမရ၍ အသက်သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၂၄ ဦးရှိလာ

512
Photo: AAPP

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့်ဆက်စပ်၍ ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဥ်းသားများအနက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ မရရှိသဖြင့် ယခုနှစ်အတွင်း အသက် သေဆုံးခဲ့ရသော အကျဥ်းသား (၂၄ )ဦး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက် ရေးအသင်း- AAPP က ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

AAPP ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ သန်လျင်ရေတပ်စခန်းမှ တပ်သားပြည့်စုံဦးဆိုသူသည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လုံလောက်သောဆေးကုသခွင့် မရရှိသောကြောင့် အင်းစိန်အကျဥ်းထောင်၌ သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုက ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု၊ ဆေးဝါး မလုံလောက်မှုတွေက တစ်နိုင်ငံလုံးအနှံ့မှာ ဖြစ်နေတာပါ။ ဆေးဝါးမလုံလောက်တာရယ်၊ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတာရယ် ထောင်တွင်းမှာ မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေအများအပြားရှိခဲ့တယ်။ ” ဟု AAPP အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို အသက်ပေးလိုက်ရသူများနှင့် မတရားညှဉ်းပန်းခံနေရသူများအတွက် တရားမျှတမှုရရှိရေး အတွက်ကို အသက်ရှင်ကျန်ရစ်သူများအားလုံးမှာ တာဝန်ရှိသည်ဟုလည်း အဆိုပါ AAPP အဖွဲ့ဝင် တာဝန်ရှိသူက ဆက်ပြောသည်။

၎င်းအပြင် အရေးပေါ်ဆေးကုသမှုအတွက် ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခြင်းမရှိသဖြင့် သေဆုံး မှုများရှိသလို ထောင်အာဏာပိုင်များကလည်း နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများကို ဖိနှိပ်မှု ပိုမိုပြု လုပ်လေ့ရှိကြောင်းလည်း ထောင်တွင်းအခြေအနေ လေ့လာစောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း၊ အကျဥ်းထောင်များအတွင်း၌ အကျဥ်းကျနေစဥ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသော နိုင်ငံရေးအကျဥ်းသား (၁၀၃) ဦးရှိပြီး ၎င်းထဲတွင် ဆေးဝါးစောင့်ရှောက်မှု မလုံ လောက်၍ အသက်သေဆုံးခဲ့သူ ဦးရေ (၆၃) ဦး ပါဝင်သည်ဟု ( AAPP) ၏ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအားဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၇,၇၈၅)ဦး ရှိသည့်အနက် (၉,၅၈၈)ဦးမှာ လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP က ကောက်ယူထားသော စာရင်းတွင် ဖော်ပြထားသည်။

AAPP က ပြုစုထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ( ၆,၀၂၀) ဦးရှိခဲ့ပြီဖြစ်သည်။