Home သတင်း မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာမှ ပိုမိုအကာအကွယ်ပေးရန် တောင်းဆို

မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာမှ ပိုမိုအကာအကွယ်ပေးရန် တောင်းဆို

576

ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပိုမို အကာအကွယ်ပေးလာရန် မြန်မာလူ့အခွင့်အရေး လှုပ်ရှားဆောင်သူများက ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့တွင် တိုက်တွန်း ပြောဆို လိုက်ကြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှ အဆင့်မြင့် ခေါင်းဆောင်များကစ၍ နိုင်ငံ၏ထိပ်ပိုင်းခေါင်းဆောင်များအထိ မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြင့်ဆုံးအကာအကွယ်ပေးမှုများ ပြုလုပ် ပေးရန်လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယနေ့ လူ့အခွင့်အရေးနေ့ကို ဦးဆောင် ကျင်းပသည့် (New Myanmar Foundation) ၏ တာဝန်ခံ ဒေါက်တာ စန်းအောင်က ပြောသည်။

၎င်းက “နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေ မြန်မာပြည်အရေး ဒီမိုကရေစီအရေးကို ထောက်ခံတဲ့ နေရာမှာ အမြင့်ဆုံး အဆင့်ကနေဖြစ်တဲ့ ဥပမာ အဖွဲ့အစည်းဆိုရင် အဖွဲ့အစည်းခေါင်းဆောင် အစိုးရ ဆိုရင် အစိုးရ ဝန်ကြီးချုပ် သမ္မတ အဲ့ Level ကနေပြီးတော့ ပြောစေချင်တယ်။ ပြီးတော့ လောင်စာ ဆီတွေ လက်နက်တွေ ကို ပိတ်သင့်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေတဲ့ အရာအားလုံးကို သူတို့တွေ အနေနဲ့ ပိတ်ပင်သင့်တယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာ့အရေးကို နိုင်ငံတကာ၏ အရေးကိစ္စတစ်ခုအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတ ကာကွန်းဖရန့် ပုံစံမျိုးဖော်ထုတ်သင့်ပြီး တရုတ်ထောက်ခံအားပေးနေသည့် မြန်မာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပဋိပက္ခ ချုပ်ငြိမ်းရေး အဖြေမဟုတ်ကြောင်းလည်း ဒေါက်တာ စန်းအောင်က ဆက်ပြောသည်။

မြန်မာပြည်တွင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ် ကျယ် ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပြီး အရပ်သား ပြည်သူများအနေဖြင့် လက်နက်ကိုင် ပဋိပက္ခအကြား မြေစာပင်များအဖြစ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေကြရသည်ဟု လူ့အခွင့်အရေး ဆောင်ရွက်သူများက ပြောသည်။

အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများ၊ လူအစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုများ စသည့် စစ်ရာဇဝတ်မြောက်သည့် လူ့အခွင့် အရေး ချိုးဖောက်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အဓိက ကျူးလွန်ကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများက ပြောသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲများကြောင့် သိန်းနှင့်ချီသည့် ဒေသခံ ပြည်သူလူထုများ နေရပ်စွန့်ခွာ ပြေးလွှာ ပုန်းရှောင်နေကြရသလို ၎င်းတို့အတွက် လိုအပ်သည့် လူသားချင်စာနာထောက်ထားမှု အကူအညီများ အပြည့်အဝ မရရှိ ကြဘဲ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေကြရကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှာသူများက ထောက်ပြပြောဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုကို အဓိက ဖြစ်ပေါ်စေသည့် လေကြောင်း နှင့်လက်နက်ကြီး တိုက်ခိုက်မှု များကို ရပ်တန့်စေရန် လေယာဉ်ဆီဖြတ်တောက်ရေး၊ လက်နက်တင်သွင်းရောင်းချမှု နှင့် အကြမ်း ဖက်မှုအပေါ် တွန်းအားဖြစ်စေသည့် စစ်ကောင်စီထံ စီးဆင်းနေသော ငွေကြေးများကို ဖြတ်တောက်ရေး၊ ၎င်းတို့ကို ကူညီ ပေးနေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် အစဉ်တစိုက် တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ကောင်စီ အပြင် အတိုက်အခံ အင်အားစုဘက်မှ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များလည်း အများအပြားရှိနေသည်ဟု လူ့အခွင့် အရေးအဖွဲ့အစည်းများက ပြောသည်။ ၎င်းတို့ နှစ်ဖက်စလုံး ကျူးလွန်မှုများကို လူ့အခွင့်အရေး စောင့် ကြည့်လှုပ်ရှာသူများအနေဖြင့် မှတ်တမ်းတင်၍ အရေးယူ ဆောင်ရွက် မှုများ ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့ဆောင်ရွက်မှုများရှိကြောင်း အဆိုပါ အဖွဲ့များက ပြောဆိုသည်။

The Space Youth Learning Center ၏ Executive director နန့်မေသင်ဇာ က “လောလောဆယ် ကျမတို့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အရာကို နိုင်ငံတကာက ပြည်တွင်းစစ်လို့ပဲ သတ်မှတ်ထားတာ။ ကျမတို့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်တဲ့ ကိစ္စမျိုးတွေလည်း ကျူးလွန်နေတာမျိုးရှိတယ်။ သို့ပေ သော်ငြား လည်းပဲ လူဘယ်နှစ်ယောက်သေတော့မှ ဘယ်လောက် Evidence ရှိတော့မှ UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝင်ရပ်တည်ပေးပါမယ်ဆိုတဲ့ အခြေအနေကြီးက ဖြစ်နေတယ်။ ဟု အခမ်းအနားတွင် ကေအိုင်စီသို့ ပြောသည်။

ယနေ့ပြုလုပ်သည့် လူ့အခွင့်အရေးနေ့ကို မဲဆောက်ဒေသအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး နှင့် ကလေးသူ ငယ်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများ၊ CDM ဝန်ထမ်းများ စသည်ဖြင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လူ့အခွင့်အရေးနေ့ ဂုဏ်ပြု အမှာစကားများပြောကြားခြင်းအပြင် နိုင်ငံရေးအကျဉ်းသားများ၊ CDM ဝန်ထမ်းများမှ ၎င်းတို့၏ ရင်တွင်း စကားများ အသီးသီး ပြောဆိုခဲ့ကြသလို လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်များပြသပြီး မြန်မာပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

လူသားတိုင်း ရသင့်ရထိုက်သော အခြေခံ လူ့အခွင့်အရေးများကို ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်ခြင်းအပေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း အခမ်းအနားလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။