Home သတင်း ထားဝယ် အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများသို့ စစ်တပ် စစ်ကြောင်းထိုးနေ

ထားဝယ် အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများသို့ စစ်တပ် စစ်ကြောင်းထိုးနေ

587
Photo: Crd.

ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားကြောင်း ကျေးရွာနေ ဒေသခံများက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်း အချိန်တွင် စစ်ကြောင်းထိုးလာပြီးဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း နဘုလယ်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ပြီးခဲ့တဲ့ရက်ကတည်းက ရွာထဲကို ရုတ်တရက်ကြီး ဝင်လာတော့ ကားတွေနဲ့ အဲ့တော့ ပြေးရတာပေါ့။ ဒီဘက်မှာလည်း အခြေနေမကောင်းဘူး။ အခုထက်ထိတော့ လက်နက်ကြီးတွေ ပစ်တာမျိုးတော့မရှိဘူး။ ဒေသခံ တွေကတော့ ကြောက်လို့ ထွက်ပြေးကုန်ပြီး။ အခုပဲတခြားရွာကိုရောက်လို့ လိုင်းပြန်ရတာ။”ဟု ကေအိုင်စီ သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထားဝယ်အထူး စီးပွားရေး ဇုန်ဒေသရှိ ဝက်ချောင်းရွာ၊ ခမောင်းချောင်းရွာ၊ ဧကနိရွာ၊ ရငဲရွာ၊ ဝါးဇွမ်းတောရွာ၊ ကုန်းသာယာအင်းရွာ နှင့်အနီး အနားရှိကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် အင်တာနက်လိုင်းများကို ဖြတ် တောက်ထားပြီး ယခုလက်ရှိတွင်လည်း ကျေးရွာများအတွင်း တပ်စွဲထားဆဲဖြစ်၍ ဒေသခံများအနေဖြင့် နေအိမ်ရှိ ပစ္စည်းများပျောက်ဆုံးမည်ကို စိုးရိမ်နေကြကြောင်း ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “သူတို့စစ်ကြောင်းထိုးတဲ့ရွာတိုင်းက ပစ္စည်းတွေကပျောက်တယ်။ ဒါကနေရာတိုင်းမှာ ဖြစ်နေတာဆိုတော့။ အခုလည်း ရုတ်တရက်ဝင်လာတော့ ဘာမှ မယူခင်လိုက်ဘူးလေ။ အဲ့တော့ အိမ်ကပစ္စည်းတွေပျောက်မှာရယ်။ အဓိကက မီးရှို့သွားမှာကို စိုးရိမ်တယ်။ သူတို့ ဝင်လာတာနဲ့ ဖုန်းလိုင်းတွေရော အင်တာနက်လိုင်းတွေရော အကုန်ပျက်သွားတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ထိုဒေသတွင် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာလေ့ရှိပြီး ယခုအခါတွင်လည်း အကြောင်းမဲ့ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထား‌သောကြောင့် ဒေသခံများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။