Home သတင်း ရေး-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားသဖြင့် စစ်ကောင်စီတပ် ထောက်ပို့ လမ်းကြောင်း ပြတ်တောက်

ရေး-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားသဖြင့် စစ်ကောင်စီတပ် ထောက်ပို့ လမ်းကြောင်း ပြတ်တောက်

818
Photo: MSRF

ဧပြီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ် ရေးမြိုတောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုအချိန်ထိ တော်လှန်ရေးအင်အားစုများက ဆက်လက်ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီ တပ်၏ ကုန်းလမ်းပိုင်ဆိုင်ရာ ထောက်ပို့လမ်းကြောင်းများအားလုံး ပြတ်တောက်မှုများရှိလာကြောင်း မွန်ပြည် တော်လှန်ရေးတပ်-MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

အဆိုပါနယ်မြေတွင် ယခင်ကစစ်ကောင်စီတပ်သည် ကုန်းလမ်း၊ ရေလမ်းကိုအဓိကထား အသုံးပြုပြီး ထောက်ပို့ သယ်ယူပို့ဆောင်ရေးများကို ပြုလုပ်လာရာမှ လက်ရှိတွင် MSRF ၏ ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုနှင့် လမ်းကြောင်း စစ်ဆေးမှုများကို ထိရောက်စွာထိန်းချုပ်လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ ကုန်းလမ်းပိုင်းသွားလာမှု ရပ်တန့်သွားပြီဟု MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ယခုလိုပြောသည်။

“ဘယ်လောက်ထိ ကျနော်တို့ထိန်းချုပ်နိုင်လဲဆိုရင် ရန်သူရဲ့ကုန်းပိုင်းဆိုင်ရာတွေက ကျနော်တို့ဒီဒေသကိုလာဖို့ သူတို့ အတွက် တော်တော်လေးကို ခဲယဉ်းသွားပါပြီး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့လှုပ်ရားမှုလည်း လုံးဝမရှိတော့ဘူး။ စခန်းနဲ့ပတ်ဝန်းကျင် လောက်ပဲ လှုပ်ရှားတာရှိတယ်။ ကားလမ်းပေါ်ကို တက်ရဲတဲ့အဆင့် မရှိတဲ့အခြေအနေ ရောက်သွားပါပြီး”ဟု ပြောသည်။

ထို့အပြင် လမ်းပိုင်းကို စစ်ဆေးမှုစတင်လုပ်ဆောင်မှုအတွင်း စစ်ကောင်စီကို အထောက်အကူပြုပေးသည့် ကုမ္ပဏီကြီးမှ ကား တစ်စီးကို စစ်ဆေးမှုပြုလုပ်ပြီး ထိန်းသိမ်းခဲ့သလို စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာ Non CDM ဝန်းထမ်းများကိုလည်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု MSRF အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဖြည့််စွက်ပြောသည်။

၎င်းက“ပထမ စစ်ဆေးတဲ့နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီကို အထောက်အကူပြုနေတဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီကြီးတစ်ခုက ကားတစ်စီးကိုတော့ ကျနော်တို့စစ်ဆေးတွေ့ရှိပြီးတော့ထိန်းသိမ်းခဲ့တာရှိတယ်။ ဝန်ထမ်းကိုတော့ ပိုက်ဆံက အစတစ်ပြားမှမယူဘဲ သတိပေးပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲ့ဒီကတည်းကစပြီးတော့ Non CDM ဝန်ထမ်းတွေလည်း တွေ့ရှိခဲ့ပါတယ်။ ကျနော်တို့က ပြည်သူတွေကို ပြည်သူလိုပဲ သဘောထားတဲ့ အတွက်ကြောင့် ဘာမှတော့ ဖမ်းဆီးချုပ်နှောင်ခြင်းဆိုတာမရှိခဲ့ပါဘူး”ဟု ဆိုသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး−ထားဝယ်−မော်လမြိုင်စသည့် လမ်းပိုင်းတလျှောက်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုများ ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူများအနေဖြင့်လည်း မြို့တွင်းဖြစ်စေ၊ လမ်းပိုင်း ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များကို တွေ့ရှိသည်ဆိုပါက မည်သူမည်ဝါကိုမျှ မပြောပြရန်နှင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြပါရန်လည်း တော်လှန်ရေး အင်အားစုများဘက်က ပြောဆိုသည်။

ထိုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ် -MSRF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် -ABSDF တပ်ရင်း(၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့-KBDF ဒေါနတပ်ခွဲ (၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ -DDT ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါ နတပ်ခွဲ(၆)၊ ထားဝယ်တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force-YDF ၊ ရေးပြောက်ကျားတပ် -YGF ဒေါနတပ်ခွဲ (၃)၊ Ye Air Force -YAF စသည့် မဟာမိတ်ပူးပေါင်းတပ်များက ထိန်းချုပ်ထားလျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်လည်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K-8W Jet Fighter ၂ စင်းအပြင် ဟယ်လီကော်ပတာ တစ်စင်း စုစုပေါင်း ၃ စင်းအသုံးပြု၍ အနီးအနားကျေးရွာများကို ဗုံးသီး ၄၀ ခန့်ကြဲချတိုက်ခိုက်ခဲ့သည်ဟု MSRF က ထုတ်ပြန်ခဲ့သည်။

အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ တပ်စခန်း၊ ဂိတ်၊ ရဲခစန်း၊ အုပ်ချုပ်ရေးမှူး ၊ စစ်ကောင်စီ တပ်နှင့်ဆက်နွယ်သည့်သူများကို နယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ပစ် ခတ်ရှင်းလင်းမှုများရှိနေသလို လမ်းပိုင်းတစ်ချို့ကိုလည်း နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားကြောင်း တော်လှန်ရေးအင်အားစုဘက်က ဖော်ပြထားသည်။