Home ဆောင်းပါး ပြည်တွင်းစစ်အရေး အကဲဖြတ်ချက်

ပြည်တွင်းစစ်အရေး အကဲဖြတ်ချက်

286
Photo: Crd: (Original Uploader)

ပြည်တွင်းစစ်အရေး အကဲဖြတ်ချက်

စောထူးကပေါ်

(ဧပြီ ၈ရက်၊ ၂၀၂၄)

အာဏာသိမ်း သုံးနှစ်နှောင်းပိုင်းမှစ၍ မြန်မာပြည်တွင်းစစ် အရှိန်သည် တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြင့်တက် လာသည်။ ဧပြီလဆန်းပိုင်းတွင် တရုတ်-မြန်မာနယ်စပ်၊ လွယ်ဂျယ်မြို့ကို KIA က ထိန်းချုပ်လိုက်သလို ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ခမရ ၅၆၄ ကို ရခိုင့်တပ်တော်(AA) က သိမ်းယူခဲ့ပြီး လုံခြုံရေးထိပ်တန်းအဆင့် ရှိ နေပြည်တော်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်ခြိမ်းခြောက်ပြန်သည်။

တဖန် ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် အရေးကြီးဆုံးနှင့် နယ်စပ်ကုန်သွယ်ရေး ဒုတိယ အင်အားကြီးမြို့ မြဝတီအနီးရှိ စစ်ကောင်စီ သင်္ဃန်းညီနောင်အခြေချ ဗျူဟာ၊ ခမရ ၃၅၆ ၊ ၃၅၇ ကို ကရင်အမျိုးသားကာကွယ် ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်များက သိမ်းယူလိုက်ပြီး အကြီးတန်းအရာရှိ ဦးဆောင်အင်အား ၆၀၀ကျော် လက်နက်ချလိုက်သည်။

စစ်ကောင်စီဘက်ကမူ သင်္ကြန်အပြီး စတင်ရန်ရှိသည့် စစ်မှုမထမ်းမနေရ အစီအစဥ်ကို မတ်လကုန်ပိုင်းမှစ၍ အကောင်အထည်ဖော်လုပ်ဆောင်နေပြီး ဖြစ်သည်။ ယခုလို အခြေအနေများအရ ပြည်တွင်းစစ်သည် အရှိန်လျော့သွားမည့် အရေးမတွေ့ရသလို ပိုပြင်းထန်လာမည့် အခြေအနေသို့ ဆိုက်ရောက်လာနေပြီးဖြစ်သည်။ ‘

ရ’ ကောက် သဏ္ဍာန်
လက်ရှိ ပြည်တွင်းစစ်ကို စစ်ရေးအကဲခတ်များက ‘ရ ကောက်သဏ္ဍာန်’ဟု တင်စား ပြောဆိုသည်။ ဆိုလိုသည် မှာ ပြည်တွင်းစစ်သည် ရခိုင်ပြည်နယ်မှ စဆွဲလျှင် ချင်း၊ ကချင် တက်လာပြီး တဖန် ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်၊ တနင်္သာရီအထိ ပျံနှံ့သွားပုံကို ဆိုလိုခြင်းဖြစ်သည်။ အဆိုပါပြည်နယ်များနှင့်ထိစပ်သည့် မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း စစ်မီးကူးစက်လျက်ရှိသည်။

“ရ ကောက်ပုံစံ အားလုံး ဝိုင်းတိုက်နေတာ တပ်မတော်အနေနဲ့ အတော် တောင့်ခံနေရတယ်။” တပ်မတော် တွင် အလယ်အလတ်အဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားတပ်အရာရှိတစ်ဦးက ပြောသည်။

အခုလို တကျော့ပြန် ပြည်တွင်းစစ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု နောက်ဆက်တွဲ ဖြစ်စဥ်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။ သို့သော် အများနားလည်ထားသည်မှာ အာဏာသိမ်းမှု၏ အကျိုးဆက်သာ ဖြစ်သည်။

ပြည်တွင်းစစ် အခြေအနေကို ကြည့်မည်ဆိုလျင် စစ်ကောင်စီအနေဖြင့် ဆုံးရှုံးသွားသည့် မြို့နယ်အချို့ကို ပြန်ထိန်းချုပ်ခဲ့သော်လည်း ဒေသအများစုတွင်မူ စစ်စခန်း၊ တပ်ရင်းများကို ဆက်တိုက် လက်လွတ်ဆုံးရှူံးနေရသည်ကို တွေ့ရသည်။

“သတင်းတွေမှာ တွေ့နေရတာက စခန်းတွေကျတဲ့အပြင်၊ လက်နက်ခဲယမ်းတွေ အများကြီးပါသွားတယ်။ ခွာစစ်ကို စနစ်တကျ မလုပ်နိုင်ဘူး။ ဖြစ်နိုင်တာက အထက်က ခံချခိုင်းတယ်၊ မြေပြင်မှာက မရတော့ဘူး။ ဒီတော့ ကစဥ့်ကလျား ဖြစ်ကုန်တာ။”ဟု ၎င်းစစ်ရေးအကဲခတ်က ဆိုသည်။

“စစ်မှုမထမ်းမနေရ ပြဌာန်းချက် ထိရောက်နိုင်မလား”
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်ရေးနိမ့်လာသည့် စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ပြဌာန်းပြီး အင်အားပြန်တည်ဆောက်ရန် အားသွန်ကြိုးပမ်းနေသည်။ သတင်းများအရ ပြည်တွင်း၌ ၂၄နှစ်မှ ၃၀နှစ်အ ကြား လူငယ်များကို စတင်ဆင့်ခေါ် သင်တန်းပေးနေသည်။

အစပိုင်းတွင် စစ်သားသစ်များကို ရှေ့တန်းမပို့မည့်သဘော ပြောသည်။ မတ် ၂၇ တပ်မတော်နေ့တွင်မူ စစ်ကောင်စီခေါင်းဆောင်က အင်အားတောင့်တင်းလာပါက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအ တွက် လုပ်ဆောင်သင့်သည်များကို တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဟု ပြောသည်။

အထက်ပါ စကားအသွားအလာကို ကြည့်မည်ဆိုလျင် စစ်သားသဘာဝအတိုင်း စစ်တိုက်ရမည်သာ ဖြစ်သည်။ ထိုအခြေအနေကို လူငယ်များက သိရှိနားလည်ထားပြီး နည်းလမ်းစုံသုံး တိမ်းရှောင်နေသည်မှာ ပြည်တွင်းရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။

စင်စစ် မည်သည့်ကိစ္စရပ်မဆို စိတ်ပါဝင်စားကာ ခံယူချက်ထား လုပ်ဆောင်မှသာ အရာထင်အောင်မြင်နိုင် သည်မှာ လောကနိယာမ ဖြစ်သည်။ စစ်တိုက်ခြင်းဟူသော တိုက်ပွဲသဏ္ဍာန် ဖော်ဆောင်ခြင်းသည်လည်း ခံယူချက် စစ်အားထက်သန်မှုအပေါ် အခြေခံရမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေမှာ အလုပ်ဖြစ်ရန်မလွယ်ကူနိုင်ကြောင်း စစ်ရေးအကဲခတ်များက တညီတညွတ်တည်း သုံးသပ်ပြောဆိုကြသည်။

တပ်မတော် အငြိမ်းစား အလယ်လတ်အဆင့်ရှိသူက “ဝါရင့် တိုင်းရင်းသားအဖွဲ့တွေ မပြောနဲ့။ PDF တွေ တောင် စစ်ရေးအတွေ့အကြုံ ၃နှစ်ရှိနေတယ်။ အခုမှ စစ်သင်တန်းဆင်းတွေက ယှဥ်တိုက်ဖို့ မလွယ်ဘူး။ စစ်ရေးအတွေ့အကြုံရှိအောင် လုပ်ရဦးမယ်။”ဟု နှိုင်းယှဉ်ထောက်ပြသည်။

“ပြည်တွင်းစစ် လားရာ”
နိုင်ငံတစ်ဝှမ်းလုံး၏ ပကတိ ပြည်တွင်းစစ် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီသည် မြို့ရွာ၊ စစ်စခန်းများ တစ်ခုပြီးတစ်ခု ဆုံးရှုံးလာနေသည်ကို တွေ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF တပ်ပေါင်းစု များက နယ်မြေများ တိုးချဲ့စိုးမိုးလာလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ စစ်ရေးလေ့လာစောင့်ကြည့် သူများက စစ်ကောင်စီအရေးနိမ့်နေကြောင်း တစ်သံတည်း ကောက်ချက်ချ ပြောဆိုကြသည်။ သို့သော် ပြည်တွင်းစစ် ဘယ်အချိန်ပြီးမလဲ ဆိုသည်ကိုမှု တိတိကျကျ တွက်ဆပြရန် မလွယ်ကူဟု အကဲခတ်များက ဆိုသည်။

အထက်ပါ စစ်ရေးအကဲခတ်သူက “ဗိုလ်ချုပ်တွေထင်နေတာက စစ်ပွဲနိုင်ရင် သူတို့ စီမံညွှန်ကြားမှု ကောင်း လို့။ အဲ့တာ စမှားတာပဲ။ တကယ်က ရှေ့တန်းက ရဲဘော်တွေရဲ့ ကိုယ့်ခေါင်းဆောင်အပေါ် ယုံကြည်မှု၊ တရားသောစစ် တိုက်နေတယ် ဆိုတဲ့ ခံယူချက်ကသာ အဓိကပါ။”ဟု မှတ်ချက်ပြုထားသည်။

ထို့ကြောင့် စစ်မြေပြင်ရောက် စစ်ကောင်စီရဲဘော်များ၏ ခံယူချက်သည်လည်း ပြည်တွင်းစစ်ပြီးဆုံးရေးအပေါ် အကျိုးသက်ရောက်မှုရှိမည်ဟု ထောက်ပြထားသည်။ အခြားတစ်ဖက်တွင် NUG နှင့် တိုင်းရင်းသားလက်နက် ကိုင်များ ချိတ်ဆက် စစ်ရေးလှုပ်ရှားမှု အရှိန်ရလာသည်ကို တွေ့ရသလို အင်အားတောင့်တင်းမှုဖက်တွင် လည်း တနေ့ထက်တနေ့ အားကောင်းလာနေသည်ကို တွေ့ရသည်။

၎င်းအပြင် စစ်အောင်နိုင်ရေးမှာ အဓိကကျသည့် ပြည်သူအများစု၏ ထောက်ခံမှုကို ရထားသလို နိုင်ငံတကာ အသိအမှတ်ပြုမှုကိုလည်း ရရှိထားသည်ကို တွေ့နိုင်သည်။ ယခုလို ပြည်တွင်းစစ်ဒဏ်ကြောင့် ကုန်စျေးနှုန်း ထိုးတက်ပြီး နေရာအနှံ့ရှိ ပြည်သူများ ခက်ခဲစွာ ရှင်သန်နေကြရသလို စစ်ပွဲများအမြန်ပြီးရန်သာ လိုလားနေ ကြသည်မှာ အမှန်တရားဖြစ်သည်။

“အခြေအနေကို အကဲဖြတ်ရရင် နေပြည်တော်ကို ကာကွယ်မဲ့ ရဲဘော်တွေရဲ့ခံယူချက် မရှိတော့ရင် ပြီးတာ မြန်မယ်။ တိုင်းရင်းသားနဲ့ နာမည်မျိုးစုံ လက်နက်ကိုင်တွေ စုတိုက်ရင်လည်း ရမယ်။ စီစဥ်ရတာ လေးငါးလ အနည်းဆုံးကြာအုံးမယ် ထင်တယ်။ စစ်မှုမထမ်းမနေရကြောင့် အင်အားများမယ်။ စိတ်မကောင်းစရာက အသေများမယ်။ ဘာမဆို အချိန်မရွေး ဖြစ်သွားနိုင်တယ်။”ဟု ဝါရင့်စစ်ရေးအကဲခတ်တစ်ဦးကလည်း မှတ်ချက် ပြုသည်။