အောက်တိုဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့မှစပြီး ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ကို တစ်နာရီစာ လျှော့ချလိုက်ကြောင်း ဖားအံမြို့ခံများက ပြောသည်။
ယခင် ထုတ်ပြန်ထားသည့် ည ၁၀ နာရီမှ နံနက် ၅ နာရီအစား ယနေ့ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၄ နာရီသို့ ပြောင်းလဲသတ်မှတ်လိုက်သည်ကို မြို့တွင်း လိုက်လံကြေညာခဲ့ကြောင်း ဖားအံမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “သူတို့ဖားအံ လမ်းဂွမှာ ကြေညာနေတာ တွေ့လိုက်တယ်။ ည ၁၁ နာရီကနေ မနက် ၄ နာရီပေါ့။ ဒါပေမဲ့ ဘာကြောင့် လျှော့ချလိုက်လည်းတော့မသိရဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ညမထွက်ရအမိန့် အချိန်လျှော့ချလိုက်ခြင်းကို ဖားအံမြို့၏ အထင်ကရ စျေးနေ ရာများတွင် လိုက်လံ အသိပေးကြေညာခြင်းဖြစ်ပြီး အဓိကအားဖြင့် စျေးရောင်းဝယ်သူ များအတွက် အချိန်သတ်မှတ် လျှော့ချလိုက်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက မှတ်ချက်ပြုပြောဆိုသည်။
ဖားအံမြို့တွင် ပုဒ်မ (၁၄၄) အရ ညမထွက်ရအမိန့်ကို ယခင်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ်က ည ၈ နာရီမှ နံနက် ၄နာရီ သတ်မှတ်ထားရာမှ ည ၁၀ နာရီ နံနက် ၅နာရီကို လျှော့ချပြောင်းလဲလိုက်ပြီး လက်ရှိတွင် ၁၁ နာရီ မှ နံနက် ၄ နာရီသို့ ပြန်လည် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။




















