Home သတင်း တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော် ထပ်တိုးလာ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ရှောင်ဦးရေ ၂၀၀ ကျော် ထပ်တိုးလာ

897
Photo: Crd.

အောက်တိုဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ၂၉ ရက်နေ့က ညအချိန် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း -ခမရ ၅၅၆ တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဒေသခံရွာသား ၂၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်ရှောင်နေရကြောင်း စစ်ရှောင် ကူညီသည့်အဖွဲ့အစည်းများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ဇဝဲရွာအခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၅၅၆) တပ်မှ အနီးရှိ ကျေးရွာများကို ညအချိန်တွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသောကြောင့် စက်တင် ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ နေအိမ်စွန့်ခွာ တိမ်းရှောင်မှုများပြုလုပ် နေကြရကြောင်း တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့မှာ အမြဲတမ်း စစ်ဘေးရှောင်က လေးထောင်ကျော်ရှိတယ်။ အခုလထဲမှာ ထပ်ရှောင်လာရ တာက (၂၁၀) ကျော်ရှိတယ်။ ရိက္ခာတွေသယ်ရမဲ့အပိုင်းမှာ အခက်အခဲတွေရှိနေတယ်။ လမ်းမှာလည်း အစစ်အဆေးတွေများတယ်။ အခုလောလောဆယ် ကျနော်တို့မှာက လက်ရှိပြေးလာတဲ့ စစ်ဘေး ရှောင်တွေအတွက် လက်ကျန်ရိက္ခာ နှစ်ရက်စာနဲ့ပဲ ဖြေရှင်းပေးနေရတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

စစ်ဘေးရှောင်အနီးကပ်ကူညီသည့် အဖွဲ့အစည်းများအနေဖြင့်လည်း စစ်ဘေးတိမ်းရှောင်နေရဆဲ ဒေသခံ စစ်ရှောင်လေးထောင်ကျော်အတွက် ယခုလအတွင်းစားနပ်ရိက္ခာကူညီ ထောက်ပံ့မှု မပေးနိုင်တော့သလို ယခုလိုလက်နက်ကြီးပစ်ခတ်မှုများကြောင့် ရုတ်တရက်နေအိမ်စွန့်ခွာ စစ်ရှောင်လာရသူ ဦးရေတိုးလာသဖြင့် ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသည် ပင်လယ်ထွက်ဝနေရာများနှင့် နီးကပ်လျက်ရှိပြီး ဆန်နှင့် ဆေးဝါးများကို သယ်ဆောင်ရာတွင်လည်း ရေလမ်းကိုသာ အဓိကအားထားကာ သယ်ဆောင်နေ ရသောကြောင့် သွာလာရေး အခက်အခဲများလည်းရှိနေကြောင်း အထက်ပါ စစ်ရှောင်ကူညီသူက ပြောသည်။

၎င်းက “အမြဲတမ်းနေ စစ်ဘေးရှောင်တွေအတွက် ဒီလထဲ မကူညီပေးနိုင်သေးဘူး ဖြစ်နေတယ်။ ပြီးတော့ သွားတဲ့လမ်းတွေက လှေနဲ့သွားတာဆိုးတယ်။ ကျနော်တို့မှာလည်း ကိုယ်ပိုင်လှေ မရှိဘူး ဆိုတော့ သူများလှေတွေငှားပြီးသွားရတယ်။ ဆန်တွေဝယ်ပြီး ဆိုရင်လည်း လှေတွေငှားပြီး သွားသယ်ရတယ်။ အခက်အခဲ တွေတော့ရှိတယ်။” ဟု ဖြည့်စွက်ပြောသည်။

အဆိုပါစစ်ရှောင်များထဲတွင်လည်း သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစား နေကြရသူများရှိပြီး တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးဟူ၍ သီးသန့် လှူဒါန်းခြင်းမျိုးမရှိသည့်အတွက်ကြောင့် ဆေးဝါးလိုအပ်မှုများလည်း ရှိနေကြောင်း စစ်ဘေးရှောင် ကူညီသူများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုမျိုးမရှိသော်လည်း ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေကာ စက်တင်ဘာလ ၂၄ရက်နေ့ကလည်း စစ်ကောင်စီ၏ အမြှောက်တပ် (၃၀၆) က လက်နက်ကြီးပစ်ခတ်မှုကြောင့် မော်တုန်းကျေးရွာရှိ အသက် ၃၀ကျော် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။