Home သတင်း တောင်ငူ-လိပ်သိုလမ်းတွင် ကုန်နှင့် ခရီးသည်တင်ယာဥ်များ သွားလာခွင့်ပိတ် ထားခံနေရ

တောင်ငူ-လိပ်သိုလမ်းတွင် ကုန်နှင့် ခရီးသည်တင်ယာဥ်များ သွားလာခွင့်ပိတ် ထားခံနေရ

1574
Photo: Myanmar National Post

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ လိပ်သိုမြို့နယ်ခွဲမှ တောင်ငူမြို့အထိ ပေါက်ရောက်သော လမ်းပိုင်းအား စစ်ကောင်စီတပ်ဂိတ်စခန်းများမှ ပြီးခဲ့သည့် စက်တင်ဘာလ(၃၀)ရက်နေ့မှ ယနေ့အထိ ခရီးသည်နှင့်ကုန်တင် မော်တော်ကားများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသဖြင့် ဒေသခံများ သွားလာရေးနှင့် ကုန်ပစ္စည်း ပြတ်လပ်မှု အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။

လမ်းပိတ်ထားမှုကြောင့် အဆိုပါ လမ်းပိုင်းအားအသုံးပြု၍ ကုန်သယ်ယူပို့ ဆောင်ရေး အတွက် ပုံမှန်သွားလာနေရသော မော်တော်ယာဥ်များ အပါအဝင် ခရီးသည် တင်မော်တော်ယာဥ်များအားလုံး ရပ်နားထားရသည့်အတွက် လိပ်သိုမြို့ အတွင်းရှိ ကုန်ပစ္စည်းများပြတ်လပ်သွားရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

“ဘာလို့ပိတ်တာလဲတော့ မသိဘူး၊ ကြိုတင်ကြေညာတာလည်း မရှိဘူး၊ ပိတ်တာက အထက်ကပိတ်ခိုင်းလို့ဆိုပြီး ဒီနေ့အထိ ဖြတ်ခွင့်မပေးတော့တာ။ အိမ်စီးကား လေး တွေနဲ့ ဆိုင်ကယ်တွေပဲ သွားလို့ရတယ်။ သွားစရာအခြားလမ်းလည်း မရှိတော့ ဒုက္ခတွေရောက်ကုန်ပြီ လိပ်သိုမှာလည်း ကုန်ခြောက်ပဲရှိတော့တယ် ၊ အကုန်ပြတ် ကုန်ပြီ။ ဆန်လည်းသိပ်မရှိတော့ဘူး၊ ဆိုင်တွေက အကုန်တောင်ငူကပဲ သွားဝယ်ရတာ။” ဟု ဒေသခံအမျိုးသားတစ်ဦး ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

လိပ်သိုမြို့အတွင်းတွင် မူလနေထိုင်သူ နယ်ခံများအပြင် ပြီးခဲ့သည့်လပိုင်းက ရှမ်း လယ်ပြင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ၊ ရွာအတွင်းတပ်စွဲနေထိုင်နေမှုများကြောင့် နေရပ်ပြန်မနေရဲဘဲ ဆက်လက်တိမ်းရှောင်နေရသူ စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေပြီး ကုန်ပစ္စည်းပြတ်လပ်သည့်အတွက် အခက်ကြုံနေရကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အတူ ထိုလမ်းပိုင်းသို့ ဖြတ်သန်းသွားလာခွင့်ရသော ဆိုင်ကယ်နှင့်အိမ်စီး ကားများမှာလည်း စစ်ကောင်စီဂိတ်စခန်းများ၏ အစစ်အဆေးများပြားမှုကြောင့် သတိထားသွားလာနေရသည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

၎င်းက “မြို့ပေါ်ကဆိုင်တွေမှာ နီးစပ်ရာရွာတွေက လာဝယ်ကြတယ် လိပ်သိုမြို့ပေါ်က ကုန်စုံဆိုင်တွေက တောင်ငူဘက်မှာ ကုန်တွေသွားဝယ်တယ်။ အခုပိတ်ထားတော့ ဘယ်သူမှသွားဝယ်လို့တော့ မရတော့ဘူး။ ကုန်တင်ကားနဲ့ခရီးသည်တင်ကားက ဘာကိစ္စမျိုးနဲ့မှ သွားလို့မရဘူး။ ဖြတ်လို့ရတဲ့ဆိုင်ကယ်တွေနဲ့အိမ်စီးကားတွေကိုတော့ အစစ်အဆေးရှိတယ်၊ သတိနဲ့သွားရတာပေါ့။” ဟု ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်ရှိ သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားရာဒေသဖြစ်သလို စစ်ကောင်စီတပ်ဂိတ်စခန်းများမှ နိုင်ငံရေးနှင့်ဆက်စပ်၍ မသင်္ကာစရာတွေ့ရှိပါက ဖမ်းဆီးခံရမှု များပြားသော ဒေသတစ်ခုလည်းဖြစ်သည်။

အလားတူ ၎င်းလမ်းပိုင်းအပါအဝင် ဒေသတွင်းအချို့သောလမ်းပိုင်းများတွင်လည်း ကုန်တင် မော်တော်ယာဥ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မထင်ရင် မထင်သ လိုဖြစ်စေ၊ သတ်မှတ်ကုန်ထက်ပိုမိုတင်ဆောင်ခြင်းမျိုးတွေ့ရှိရသည်ဖြစ်စေ ကုန်ပစ္စည်း သိမ်းယူခံရမှု မကြာခဏဖြစ်ပွားပြီး ပစ်ခတ်မှုများလည်း ရှိနေကြောင်း နယ်မြေခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း တောင်ငူ-လိပ်သိုလမ်းပိုင်းပေါ်တွင် စစ်ကောင်စီ နှင့် ပူးပေါင်း၍ ဒေသအတွင်းရှိ ကျွန်းသစ်များခိုးထုတ်ခြင်းနှင့် စစ်တပ်ဂိတ်စခန်းများတွင် ပူးပေါင်းစစ်ဆေးရေးလုပ်ဆောင်ကာ ဂိတ်ကြေးကောက်ယူခြင်းများ လုပ်ဆောင်သည့် သံတောင် (အထူးဒေသ)ငြိမ်းချမ်းရေးအဖွဲ့ဝင်(၂)ဦးအား သံတောင် ပ.က.ဖ က သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။