Home သတင်း ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ နေ့စဉ် လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ နေ့စဉ် လက်နက်ကြီးဖြင့်ပစ်ခတ်နေ

917

ဇူလိုင် ၁၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်‌ကောင်စီတပ်ဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများ မဖြစ်ပွားဘဲ ကော့ကရိတ်မြို့ပတ်ပတ်လည်ကို လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံတစ်ဦးက “နေ့တိုင်းတော့ ၄/၅ချက်‌တော့ အမြဲပစ်တယ်။ ဒီ‌နေ့တော့ လက်နက်ကြီးပစ် တာ အချက် ၂၀ကျော်လောက်ရှိမယ်။ သူများ(တော်လှန်ရေးအင်အားစု)တွေ နန်းကတိုးကိုလာတာကို သတင်းရလို့ လှမ်းပစ်တာပဲ ဖြစ်မယ်။”ဟု ပြောဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို မကြာခဏ ပိတ်ထားနေရသဖြင့် ကျောင်းသူကျောင်းသားများအတွက် အခက်အခဲရှိ‌နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောပြ သည်။

“အခြေအနေမကောင်းဘူးဆိုရင် ကျောင်း လုံးဝ ပိတ်လိုက်ရတဲ့ရက်တွေ ရှိတယ်။ နေ့တစ်ဝက်နဲ့နားရတာလည်းရှိ တယ်။ လက်နက်ကြီးတွေ၊ တိုက်ပွဲတွေဖြစ်ပြီးဆို အုပ်ထိန်းသူကို ချက်ချင်းလာကြိုခိုင်းပြီး ကျောင်းတွေ ချက်ချင်းပိတ် ရတာရှိတော့ ကလေးတွေ အခက်ခဲရှိတာပေါ့။ ကျောင်းတွေ နှစ်ရက်၊ သုံးရက်အထိ ပိတ်ရတာလည်း ရှိတယ်။”ဟု ၎င်း မြို့ခံက ပြောသည်။

စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ‌ခြေလျင်တပ်ရင်း (ခလရ -၉၇)က လက်နက်ကြီးကို နေ့စဉ် ပစ်ထုတ်နေခဲ့သ လို လှိုင်ဝအမြှောက်ကုန်းမှလည်း ပစ်ထုတ်‌နေပြီး ၎င်းလက်နက်ကြီးပစ်ခတ်မှု‌ကြောင့် အရပ်သားပြည်သူများ မကြာခ ဏ ထိခိုက်‌သေဆုံးမှုရှိ‌နေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ကော့ကရိတ်မြို့မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကြောင်လျှာကုန်း၊ ပျားပင်၊ ရွာသစ်၊ ‌ကော့နွဲ၊ ရွာသစ်ကုန်း စသည့်ကျေးရွာများမှ ရွာသူရွာသားအချို့မှာ နေရပ်စွန့်ခွာကာ တိမ်းရှောင်နေရပြီး မိုးတွင်းကာလ လယ်ယာလုပ်ငန်းကို ပြန်လုပ်ကိုင်မရဲသေး
ကြောင်း သိရသည်။