Home သတင်း ကြက်ဆင်စျေးကောင်းသောကြောင့် ပိုင်ကျုံဒေသတွင် ကြက်ဆင်မွေးမြူသူများလာ

ကြက်ဆင်စျေးကောင်းသောကြောင့် ပိုင်ကျုံဒေသတွင် ကြက်ဆင်မွေးမြူသူများလာ

1207

ဇူလိုင် ၁၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အိမ်မွေးကြက်ဆင် လိုက်ဝယ်ယူသူများပြီး စျေးကောင်းရရှိ လာသည့်အတွက် ယခုအချိန်တွင် ဒေသခံပြည်သူများမှာ တစ်နိုင်တစ်ပိုင် ကြက်ဆင်မွေးမြူသူ များပြားလာသည်။

ထိုဒေသတွင် ကြက်ဆင်တစ်ကောင်ကို ကျပ် ၁သိန်းကျော်အထိ ပေါက်စျေးရှိလာသလို ကြက်ဆင်ရောင်းဝယ်သူများက မြန်မာကျပ်ငွေအပြင် ထိုင်းဘတ်ငွေနှင့်ပါ ဝယ်ယူကြသည်အထိ စျေးကောင်းရရှိသဖြင့် ကြက်ဆင်များကို မွေးမြူလာ ကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ နန်းမူးဒါက ယခုလို ပြောသည်။

နန်းမူးဒါးက “အစက ကြက်ဆင်တစ်ကောင်ကို ထိုင်းဘတ်ငွေ ရှစ်ရာ(၈၀၀)ပဲ ရတယ်။ အဲတာတောင် အကောင်ကြီးမှရ တာ အခုက နည်းနည်းကြီးတာနဲ့တင် တစ်ထောင်ကျော်နေပြီး ရွာမှာ ကြက်ဆင်မွေးတဲ့လူတွေက အခု ကုန်ဈေးနှုန်း တက်နေချိန်မှာ အဆင်ပြေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ အပိုဝင်ငွေရရှိရန်အတွက် အိမ်တိုင်းနီးပါး ကြက်ဆင်မွေးမြူလာကြသလို တစ်နှစ်နီးပါးကြာ အချိန်ယူ မွေးမြူပြီးမှ ရောင်းချ၍ရသည့်အရွယ်ရလာသည်ဟု ကြက် ဆင်မွေးမြူသူထံမှ သိရသည်။

ထန်းတစ်ပင်ကျေးရွာရှိ ဒေါ်ခင်အေးက “နှစ်စတုန်းက ကြက်တွေ အနာကျပြီး သေတာများတော့ ကျနော်တို့ အတော် ထိတယ်။ ဒါပေမဲ့ အပိုဝင်ငွေရဖို့နဲ့ စားဝတ်နေရေးအတွက် အခုလို မွေးရတယ်။ အခုလို အခြေအနေမှာ ဈေးကောင်း ပေးဝယ်တော့ အဆင်ပြေတာပေါ့။ ကျန်းမာရေး၊ ကျောင်းသားစရိတ် ဖူလုံတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြို့ပေါ်ရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စျေးများတွင်လည်း အဆိုပါကြက်ဆင်သားများကို ရောင်း ချနေကြသလို ထိုင်းဘတ်ငွေနှင့် ဝယ်ယူသူများမှာ မြ၀တီခရိုင်ရှီ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျေးရွာဘက်သို့ သွားရောက်ရောင်းချကြခြင်းဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ကြက်ဆင် လိုက်လံဝယ်ယူသူတစ်ဦးက “အခု မြို့ထဲက စားသောက်ဆိုင်တွေမှာ ကြက်ဆင်အသားဟင်းက ရောင်း ကောင်းတော့ ဒီကျေးလက်ဒေသမှာ ကြက်ဆင်တွေကို လာပြီးဝယ်တာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန် စျေးမြင့်တက်လာသောကြောင့် ဒေသခံများသည် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဒေသထွက် သီးနှံများ ရှာဖွေရောင်းချလာသည့်အပြင် တစ်နိုင်တစ်ပိုင် အိမ်မွေးတိရိစ္ဆာန်များမွေးမြူပြီး စားဝတ်နေရေးကို ဖြေရှင်း နေကြသည်။