ဇူလိုင် ၁၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကညင်ဒိုင်းကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့တွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြစ်အရှေ့ဘက်ကမ်းရှိ မုန်းမြို့နယ်ဘက်သို့ စစ်ရှောင်လာသူ ၂၀၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း မုန်းမြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ဒေသအတွင်း ထိတွေ့ပစ်ခတ်မှုနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ပင်သာမှ သုံးခွဘက်သို့ စစ်ကြောင်းဆင်းလာပြီး လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ တမင်ရည်ရွယ်ကာ ပစ်ခတ်ခြင်းဖြစ်သလို လက်ရှိ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။
စစ်ရှောင်ဒေသခံတစ်ဦးက “လက်နက်ကြီးပစ်တဲ့အသံကို သုံးခွဘက်ကနေ ကြားရတာပါ။ ကျတာတော့ ကညင်ဒိုင်းနဲ့ ငှက်ပျောတော အနီးပတ်ဝန်းကျင်မှာ ကျတယ်။ မနက်ကဖြစ်ဖြစ်ချင်း သူပြေးကိုယ်ပြေး ပြေးရတော့ ရွာမှာ ထိခိုက်မှု ဘယ်လောက်ထိရှိသလဲဆိုတာ သတိမထားမိဘူး။”ဟု ပြောသည်။
ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးရလာသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်က အများစုဖြစ်ပြီး သက်ကြီးရွယ်အို အမျိုးသားများလည်း ပါဝင်သည်ဟု ကရင်အရပ်ဘက်အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။
“သန်သန်မာမာ အမျိုးသားတွေကျတော့ ပစ္စည်းစောင့်ဘာညာအတွက် ကျန်နေခဲ့ကြတယ်။ လောလောဆယ် ကျနော် တို့အဖွဲ့ကပဲ စစ်ရှောင်တွေ ကမ်းကူးလာတယ်ဆိုတာ ကြားကြားချင်း သွားကြည့်ပြီး နေရာထိုင်ခင်းလေး စီစဥ်ထားပေး တယ်။ နာမကျန်းဖြစ်တဲ့သူတွေပါမပါ ပြောမလာကြသေးဘူး။ လက်ရှိ စာရင်းလိုက်ကောက်ထားတာတော့ နှစ်ရာကျော် ဆိုပေမယ့် ဒီထက် ပိုများနိုင်သေးတယ်။”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့ကလည်း ဖြူးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်တစ်လျှောက်မှ ကျေးရွာ များသို့ စစ်ကောင်စီက ကားပေါ်တွင် လက်နက်ကြီးများတင်ဆောင်ကာ လိုက်လံပစ်ခတ်ခဲ့သောကြောင့် ဒေသခံအမျိုး သားနှစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထို့အတူ မုန်းမြို့နယ် အပါအဝင် ညောင်လေးပင်ခရိုင်အတွင်း စစ်ရေးပဋိပက္ခများဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ၊ လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား နေရပ်ရွှေ့ ပြောင်းကာ စစ်ဘေးရှောင်နေရဆဲဖြစ်သလို ယခု ၂၀၂၃ နှစ်ဝက်ကာလအထိ ညောင်လေးပင်ခရိုင်တစ်ခုတည်းတွင် စစ်ဘေးတိမ်းရှောင်ရသူ တစ်သိန်းခွဲကျော်အထိ ရှိလာကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းပြုစုချက် အရ သိရသည်။



















