Home သတင်း ဘီးလင်းတွင် အရပ်သားနေအိမ် ၄ လုံး မီးရှို့ခံရ၊ ပစ်ခတ်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး

ဘီးလင်းတွင် အရပ်သားနေအိမ် ၄ လုံး မီးရှို့ခံရ၊ ပစ်ခတ်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး

704
Photo: CJ

ဧပြီလ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးရွာတွင် ယမန်နေ့ ဧပြီလ(၁၂) ရက်နေ့က စစ်ကောင်စီမှ အရပ်သားနေအိမ်(၄)လုံးကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီး ပစ်ခတ်မှုများလုပ် ဆောင်သဖြင့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဘီးလင်းမြို့ခံများက ပြောသည်။

ယမန်နေ့နံနက်ပိုင်းက အလူးလေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး နောက် စစ်ကောင်စီက နေအိမ်များအား ထိုသို့မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဝင်းပြန်ရွာ စစ်ကောင်စီတပ်စခန်းမှ ပစ်ကူတိုက်ခိုက်ခဲ့သော လက်နက်ကြီး ကြောင့် အလူးလေးရွာခံအမျိုးသမီးကြီးတစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သလို ဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက “မီးရှို့ခံလိုက်ရတဲ့အိမ်(၄)လုံးက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ၊ တိုက်ပွဲဖြစ် ကတည်းက ထွက်ပြေးကြတာဆိုတော့ အိမ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး။ လက်နက်ကြီးက အလူးကြီးအရှေ့ ရွာဘက်ကိုကျပြီး အဘွားတစ်ယောက် လက်မောင်းကိုရှပ်ထိသွားတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တုန်း မြို့ပေါ်ကနေ ရွာဘက်ပြန်လာတဲ့ ရွာသားတစ်ချို့ရဲ့ကားတွေ၊ ဆိုင်ကယ်တွေလည်း စစ်တပ်ကသိမ်း တာခံလိုက်ရတယ်။ လောလောဆယ်တော့ အလူးလေးရွာခံတွေအားလုံးနီးပါး ပြေးကုန်ကြပြီ။” ဟု ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် အလူးကျေးရွာနှင့် ဝင်းပြန်အစရှိသည့် ကျေးရွာများဘက်တွင်လည်း စစ်ကောင်စီက လူအင်အားထပ်မံဖြည့်တင်းထားပြီး စစ်ရေးအခြေအနေ တင်းမာမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

Photo: CJ

“ရွာသားတွေကတော့ လောလောဆယ် ဆွေမျိုးနီးစပ်ရာနဲ့ ဘေးလွတ်တဲ့နေရာတွေမှာ တိမ်းရှောင် နေရတယ်။ စစ်တပ်ကရွာတွေမှာ ခြေကုပ်ယူထားချင်တာ။ တိုက်ပွဲဖြစ်‌ တော့ ကြွက်မနိုင် ကျည်မီးရှို့တဲ့သဘောနဲ့ အိမ်တွေကိုမီးရှို့တာပဲ။” ဟု ဒေသခံများ၏ အခြေအနေနှင့်ပတ်သက်၍ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များ၏နှစ်ဖက်ထိခိုက်ကျဆုံးမှုအား သိရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ကြိုးပမ်း ဆက်သွယ်နေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့က အလူးကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဥ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ပါစစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ(၂)ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်။

ထို့နောက် မတ်လ(၃၁)ရက်နေ့မှစ၍ အဆိုပါကျေးရွာများတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးတပ်ဆင်ကာ တပ်စွဲထားသောကြောင့် ဒေသခံများအနေဖြင့် အလုပ်အကိုင် ကောင်းစွာမလုပ်ကိုင်နိုင်ဘဲ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များမှ သိရသည်။