ဧပြီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားပေါ်တွင် သင်္ကြန်ကာလအတွင်း မြန်မာ ပြည်တွင်းသို့ ပြန်ဝင်လာသည့် ထိုင်းရောက် အလုပ်သမားများ အလွန်နည်းပါးသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူများ၏ ပြောဆိုချက်အရ သိရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများသည် ယခင်က အလုပ်ပိတ်ရက် များဖြစ်သည့် သင်္ကြန်ကာလတွင် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား ဂိတ်ပေါ်မှတစ်ဆင့် တရားဝင်လမ်းကြောင်းဖြင့် နှစ်စဉ်အများအပြား ပြန်လည်ဝင်ရောက်လာသော်လည်း ယခုနှစ်တွင် အိမ်ပြန်သည့် အလုပ်သမားများနည်းပါးသည်ဟု သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံရေးမတည်ငြိမ်သည့်အပြင် မြဝတီလမ်းကြောင်းပေါ်တွင် တိုက်ပွဲများ မကြာခဏရှိသော ကြောင့် သင်္ကြန်ကာလတွင် အလုပ်သမားများနေရပ်မပြန်ရဲသည့် အကြောင်းအရင်းတစ်ခုလည်း ပါဝင်သည်ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးမိုးကျော်က ကေအိုင်စီသို့ ပြောသည်။
၎င်းက“အရင်ကလို အုပ်စုလိုက် အလုပ်သမားတွေက ပြန်တာမရှိတော့ဘူး။ ခါတိုင်းနှစ်တွေထက်စာရင်အများ ကြီးကို နည်းသွားတာ။ အခြေအနေက တိုင်းပြည်အခြေအနေကြောင့်ပေါ့။ သိတဲ့အတိုင်းပဲ။ အညာမှာရော၊ တိုင်းရင်းသားဒေသမှာရော အကုန်လုံးပဲလေ။ တချို့က ပြန်စရာအိမ်မရှိတော့ဘူး၊ မိဘတွေကလည်း စစ်ဘေး ရှောင်တွေဖြစ်။ ပြီးတော့ ဒီလမ်းကြောင်းပေါ်မှာ ခရီးသွားလာတာတို့၊ ဘာတို့ မလုပ်ဖို့ တော်လှန်ရေးအဖွဲ့အစည်း ကလည်း ကြေညာထားတာကိုး။ အလုပ်သမားတွေက ဒီသတင်းကို လက်လှမ်းမှီတယ်သိတော့ မပြန် လာကြတာလည်းပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်က သင်္ကြန်ကာလ အလုပ်သမားများအိမ်ပြန်သည့်အချိန်တွင် ထိုင်းဘက်မှအချိန်ကာလကန့်သတ်ချက်ဖြင့် ကင်းလွှတ်ခွင့်ဗီဇာ၊ ပတ်စ်ပို့ တုံးထုသည့်ကြေးများ အခကြေးငွေမယူဘဲလုပ်ဆောင်ပေးခဲ့ခြင်းရှိသော်လည်း ယခု နှစ်တွင် ထိုင်းဘက်မှ တစ်စုံတစ်ရာ ကြေညာခြင်းမတွေ့ရှိသေးကြောင်းလည်း ဦးမိုးကျော်က ဆက်ပြောသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ အလုပ်သမားများအပြင် ပြည်မဒေသဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် အညာဒေသရှိအလုပ်သားမားများသည်လည်း မြဝတီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်တံတားလမ်းကြောင်းကိုသာ အသုံးပြုသွားလာခဲ့ကြသည်ဟု သိရသည်။
“အိမ်မပြန်ဖြစ်တာနှစ်တော်တော်ကြာပြီး သင်္ကြန်အတွင်းအိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ရွာတွေဘက်မှာလည်း တိုက်ပွဲမကြာခဏဖြစ်တယ်။ အာရှလမ်းမလည်း တိုက်ပွဲဖြစ်တယ်။ ပြီးတော့ တံတားပေါ် ပြန်ရင်လည်း အရမ်းစစ် မှာ ကြောက်တယ်။ ဒီနှစ်လည်းမပြန်ဖြစ်သေးဘူး။”ဟု ဘန်ကောက်တွင် သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမနန်းမူးဒါးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မြဝတီ- မဲဆောက် အမှတ် (၁) တံတားပေါ်တွင် လက်ရှိဖြတ်သန်းသွားလာသူအများစုသည် မဲဆောက် အတွင်း တစ်ပတ်စာလက်မှတ်နှင့်အဝင်အထွက်သွားလာနေကြသည့်သူများသာ တွေ့ရှိရသည့်အပြင် တရုတ်နိုင် ငံသားနှင့် ကမ္ဘောဒီးယားနိုင်ငံသားများလည်း အများအပြားဝင်ထွက်သွားလာခြင်းရှိကြောင်း တံတားအနီးနေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “ အိမ်ပြန်တဲ့အလုပ်သမားတွေက တံတားပေါ်မှာ ပြန်လာတာသိပ်မတွေ့ရဘူး။ တကယ်လို့ပြန် လာရင် လည်း သူတို့လမ်းကြောင်းနဲ့သူတို့ပဲ ပြန်ကြတယ်။
တံတားပေါ်မှာမဖြတ်ကြဘူး။ တံတားပေါ်မှာက မဲဆောက်မှာ စျေးသွားဝယ်တဲ့လူ ပြီးတော့ တရုတ်တို့၊ ကမ္ဘောဒီးယားတို့လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့တော်တော်များများဝင်လာ ကြတာတွေ့ရတယ်။ တံတား(၂)ဘက်မှာတော့ အဖမ်းခံရတဲ့အလုပ်သမားတွေပြန်ပို့ရင် အဲဒီဘက်များတယ် ပြီးတော့ ကုန်ပစ္စည်းတင်တဲ့ကားတွေပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ ခုနှစ်မှ စတင်၍ ၃ နှစ်ကြာ သည်အထိ တံတားပေါ်သွားလာခွင့်ပိတ်ထားပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။



















