Home သတင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု နှစ်ထောင်ကျော်အတွင်း အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှုန်းနီးပါး ပါဝင်

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု နှစ်ထောင်ကျော်အတွင်း အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှုန်းနီးပါး ပါဝင်

16
Photo: BNI & CINCDS

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၂,၄၄၉) ကြိမ် ကျူးလွန်ခဲ့ရာတွင် အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှူန်းနီးပါး ပါဝင်ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့်ရေးအဖွဲ့ MPM ၏ မှတ်တမ်းအရ သိရသည်။

ယနေ့ အောက်တိုဘာ (၁၄) ရက်တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သည့် ၂၀၂၅-၂၀၂၆ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်ညွှန်းအကိုးအကားစာအုပ် မိတ်ဆက် အစီအစဥ်တွင် BNI-MPM က ထိုသို့ ဖော်ပြသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်အုပ်စုက တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းထက် အရပ်သားပြည်သူကိုဦးတည်သော လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာခြင်းဖြစ်ပြီး ဖြစ်စဥ် (၂,၀၀၀) ကျော်တွင် (၇၀) ရာခိုင်နှုန်းနီးပါးက အရပ်သားများဖြစ်သည်ဟု ဆိုသည်။

“တော်လှန်ရေးအင်အားစုတွေနဲ့လူထုကြားထဲကို ရန်တိုက်ပေးတဲ့ပုံစံမျိုးပေါ့။ သူတောက်လျှောက် သုံးလာခဲ့တဲ့နည်းလမ်းဟောင်းပါပဲ။ တော်လှန်ရေးအင်အားစုအချင်းချင်း မညီညွှတ်အောင် သပ်လျှိုပေးသလိုမျိုး လက်နက်မဲ့အရပ်သားပြည်သူ ကြားထဲမှာလည်း အပြန်အလှန်ထောက်ကူပံ့ပိုးမှုတွေ လျော့ကျသွားအောင် လုပ်ပြတာပါပဲ” ဟု BNI-MPM ၏ ညှိနှိုင်းရေးတာဝန်ခံ ကိုနှင်းကိုက ပြောသည်။

အထူးသဖြင့် မိုးအကုန်ကာလနှင့် ပွင့်လင်းရာသီတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားသလို ဗျူဟာနည်းကျ စစ်ဆင်ရေးပုံစံ တိုက်ခိုက်တာမဟုတ်ဘဲ တပ်စခန်းနှင့်နယ်မြေများ လက်လွှတ်ဆုံးရှုံးချိန်၊ စစ်ကြောင်းများအထိနာချိန်တွင် ပိုမိုတိုက်ခိုက်လေ့ရှိကြောင်း BNI-MPM က မှတ်တမ်းတင်ထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နိုင်ငံလုံးအားဖြင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လာပြီး ၂၀၂၆ ဇူလိုင်လထဲတွင်ပင် သေဆုံးသူ (၃,၀၅၉) ဦး ရှိခဲ့၍ အရပ်သားများပစ်မှတ်ဖြစ်နေခြင်းကို ထင်ရှားစေသည်ဟု ဆိုသည်။

Photo: BNI & CINCDS

ထိုအထဲတွင် လူ(၅)ဦးနှင့်အထက် သေဆုံးမှုများလည်း ပါဝင်၍ စစ်ကိုင်းနှင့်ရခိုင်ပြည်နယ်က သေဆုံးမှုထိပ်ဆုံးစာရင်းတွင်ရှိနေသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ကရင်အပါအဝင် မြန်မာပြည်တောင်ပိုင်းဒေသထဲတွင်မူ သေဆုံးသူ (၂၀၀)ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

တဖက်တွင်လည်း ကရင်ပြည်နယ်ထဲ ပြည်နယ်ငြိမ်းချမ်းရေးအမည်တပ် စစ်အုပ်စုကတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပလာခဲ့ပြီး လက်တွေ့၌ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေသည့်အပေါ် “လူတကာကို ကြောက်ရွံ့အောင်လုပ်ပြီးမှ ငါ့ဆီလာပါဆိုတဲ့ ပုံစံမျိုးပေါ့” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ မှတ်ချက်ပေးဖူးသည်။

ယင်းကြောင့် အာဏာသိမ်းမှုကြောင့်ဖြစ်လာသည့် စစ်ရေးပဋိပက္ခအကျိုးဆက်ကို အရပ်သားပြည်သူများက ဝန်ပိုထမ်းနေရပြီး ရှေ့ဆက်ကြုံရမည့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းအပေါ် ကုစားမရတော့သည်အထိ ဖြစ်လာနိုင်ကြောင်း BNI-MPM က သုံးသပ်ထားသည်။

အဖွဲ့တာဝန်ရှိသူများက ယနေ့ပြုလုပ်သောမိတ်ဆက်အစီအစဥ်အား စာအုပ်တွင်ပါဝင်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းနှင့်ဖက်ဒရယ်အုတ်မြစ်များ၊ စောင့်ကြည့်ရမည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်များ၊ နိုင်ငံတကာနှင့် တိုးတက်ပြောင်းလဲလာသည့် မြန်မာ့စစ်ရေးအခြေအနေများကို ကဏ္ဍ(၄)ရပ်ဖြင့် ရှင်းလင်းချပြသွားခြင်းဖြစ်သည်။

ထို့အတူ မြန်မာ့ငြိမ်းချမ်းရေး ဦးတည်ချက်၊ လားရာနှင့် အခြေအနေများကို လေ့လာစောင့်ကြည့်ခြင်းဖြင့် ၂၀၁၃ ခုနှစ်က စတင်လာခဲ့သည့် BNI-MPM က “ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရည်ညွှန်းအကိုးအကား” စာအုပ်များကို နှစ်အလိုက် ထုတ်ဝေလာခဲ့ရာ ယခုအပါအဝင် စာအုပ်စုစုပေါင်း (၁၁)အုပ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Photo: BNI & CINCDS