Home သတင်း မြဝတီ၊ အတွင်းမဲကနယ်တွင် စစ်ကောင်စီနှင့် BGF တပ်များ ဝင်ရောက်မီးရှို့မှုပြုလုပ်၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၃၀ ခန့် ပျက်စီး

မြဝတီ၊ အတွင်းမဲကနယ်တွင် စစ်ကောင်စီနှင့် BGF တပ်များ ဝင်ရောက်မီးရှို့မှုပြုလုပ်၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၃၀ ခန့် ပျက်စီး

1794

ဧပြီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီအရှေ့တောင်ဘက်ရှိ အတွင်းမဲကနယ် ကျေးရွာအား ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် စစ် ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းမြေပြင်စစ်ကြောင်းက ရွာသားနေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်းနှင့် လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲခြင်းတို့ကြောင့် ဘုရားကျောင်းအပါအဝင် အရပ်သားနေအိမ် ၃၀ လုံးခန့်ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာသားများက ပြောသည်။

“စစ်ကောင်စီနဲ့ BGF တွေက ၁၁ ရက်နဲ့ ၁၂ ရက်မှာ အတွင်းမဲကနယ်နဲ့ ကျောက်တောင် ဗြုံးတောင်ဘက် ကို တော်တော်လေးပစ်ခတ်တယ်။ လေယာဉ်က မနက်တစ်ခါ၊ ညဘက်ကြီး တစ်ခါလာကြဲချတယ်။ အဲ့ တာမှာ ဘုရားကျောင်းပေါ်ကျပြီးပျက်စီးသွားတယ်။ အတွင်းမဲကနယ် တစ်ရွာလုံး သူတို့ပစ်တဲ့ လက်နက် ကြီးကြောင့်ရော၊ လေယာဉ်ဗုံးကရောပစ်ချတော့ရွာမှာ တော်တော်ပျက်စီးကုန်ပြီ။ BGF နဲ့ စစ်တပ်က စစ်ကြောင်းတွေက အိမ်တွေရော မီးရှို့ပစ်တယ်။ ရွာကို ဖျက်ဆီးသွားတယ်။ အခုဒီနေ့လည်း ပစ်နေတာတွေ ရှိနေသေးတယ် ” ဟု မဲကနယ် ကျေးရွာသား စစ်ဘေးရှောင်နေရသူက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များအား ချေမှုန်းတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များ BGF တပ်များ စစ်ကြောင်းဝင်ရောက်လာသည့်အတွက် အတွင်းမဲကနယ် ကျေးရွာနှင့် ကျောက်တောင်ရွာဘက်ရှိ ဒေသခံ ၅၀၀ နီးပါးသည် မြဝတီ၊‌ မြေနီကုန်း ကရင်နှစ်သစ်ကူး ကွင်း၊ လေးကေကော်ယာယီစစ်ရှောင်စခန်းနှင့် သင်္ဃန်းညီနောင်ရွာသစ်ဘုန်းကြီးကျောင်းဘက်သို့ အစုလိုက် စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

“ခန့်မှန်း‌ခြေဆိုရင်တော့ ၅၀၀ ဝန်းကျင်ရှိမယ်။ အခုက မြဝတီ၊ အောင်မြေရွှေဘုံ၊ မြစန္ဒီရပ်ကွက်၊ မြေနီ ကုန်းရပ်ကွက်တွေကပါဆိုရင် မြဝတီမြို့ထဲမှာ စစ်ရှောင်နှစ်ထောင်လောက် ရှိနေတယ်။ စား သောက်ဖို့ က အလှူရှင်တွေ၊ မြို့က တတ်နိုင်သူတွေတော့ ကျွေးမွေးရေးလုပ်နေကြတယ်။ ဆက်ပြီး တော့လည်း စစ်ရှောင်တွေ လာနေတုန်းပဲ” ဟု မြဝတီစစ်ဘေးရှောင် ကူညီရေးလုပ်ဆောင် နေသူက ပြောသည်။

လက်ရှိတွင် သင်္ကြန်ကာလ အကြိုနေ့ ဖြစ်သော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့ များအား တိုက်ခိုက်နေ သည့် စစ်ကောင်စီတပ်၊ BGF တပ်များက အာရှလမ်းမဘက်နှင့် အတွင်းကွင်းကလေးရွာဘက်၊ အတွင်း မဲကနယ် ရွာဘက်သို့ ‌မြေပြင်စစ်ကြောင်း ၃ ကြောင်း အင်အား ၅၀၀ ဝန်းကျင်အပြင် စစ်တပ်၊ BGF တပ်ဝန်းများမှလည်း လက်နက်ကြီးပစ်ကူပစ်ခတ်မှုရယူကာ စစ်ဆင်တိုက်ခိုက်နေသည့်အတွက် ၂ ဖက် ‌တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။