Home သတင်း ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်း KNA အဖွဲ့က ကြိုတင်အသိမပေးဘဲ မြေလာတိုင်း၍ ဒေသခံများစိုးရိမ်

ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်း KNA အဖွဲ့က ကြိုတင်အသိမပေးဘဲ မြေလာတိုင်း၍ ဒေသခံများစိုးရိမ်

10
Photo: BGF/KNA

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ဖားအံခရိုင်နယ်မြေ၊ နဘူးမြို့နယ်ထဲရှိ မြေယာများကို ပြီးခဲ့သည့်အောက်တိုဘာ ပထမအပတ်အတွင်း ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း KNA အဖွဲ့က ကြိုတင်အသိပေးမှုမရှိဘဲ လာရောက်တိုင်းတာခဲ့သည့်အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း ရပ်ရွာအုပ်ချုပ်မှုတာဝန်ရှိသူထံမှ သိရသည်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏သား စောထူးအယ်မူး ဦးဆောင်သော ကရင်အမျိုးသားတပ်မတော်-KNA တပ်ရင်း(၉၉၉)အဖွဲ့က ထီးကွာလော်၊ မောင်းမကွီး၊ ဘိုတဲ အစရှိသည့် ဒေသခံများလုပ်ကိုင်စားသောက်ရာ နေရာများကို အကြောင်းမကြားဘဲ လာရောက်၍ မြေနေရာတိုင်းတာခဲ့ကြခြင်းဖြစ်သည်။

“ဘာမှအကြောင်းမကြားဘဲ လာတိုင်းတာပါ။ တွေ့လို့မေးတော့ မင်းတို့မြေ ဧက ၄၀ ကျော် တိုင်းပေးထားတယ်။ ငါတို့က ဖွံ့ဖြိုးရေးလာလုပ်တာ၊ မင်းတို့ အခြားမှာ သွားလုပ်စရာမလိုတော့ဘူး၊ ငါတို့ စိုက်ပျိုးရေး လုပ်ပေးမယ်လို့ ပြောတယ်။ ငါတို့မတိုင်းရင်မရဘူးလား မေးတော့ မရဘူး အားလုံး တိုင်းရမယ်တဲ့” ဟု မြေတိုင်းတာသည့်ကိစ္စကိုသိရှိသူ ကျေးရွာတာဝန်ရှိသူက ပြောသည်။

လက်ရှိ ဘိုတဲ ဘက်တွင် KNA အဖွဲ့၏မြေတိုင်းတာမှု ပြီးစီးသွားပြီး ထီးကွာလော်နှင့် မောင်းမကွီး ဘက်သို့ တိုင်းတာရန် ကျန်ရှိနေသေးသည်။ တိုင်းပြီးသွားသောမြေနေရာများကို တန်ဖိုးမည်မျှပေးမည်ဖြစ်ကြောင်းကိုမူ KNA အဖွဲ့က ပြောဆိုခြင်းမရှိခဲ့သလို ရောင်းချရမည်ဆိုပါက ဒေသခံများအနေဖြင့် ရောင်းရန်ဆန္ဒမရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဒေသခံများနှင့်ရွာတာဝန်ရှိသူများ ပြောပြချက်အရ KNA သည် အဆိုပါနေရာများတွင် ကျေးရွာဖွံ့ဖြိုးရေးဟုဆိုကာ စိုက်ပျိုး၊ မွေးမြူရေးလုပ်မည့်အပြင် ၎င်းတို့တပ်ရင်းနေရာလည်း တည်ဆောက်ရန် အစီအစဥ်ရှိနေသည်။

ဖော်ပြပါ ကျေးရွာတာဝန်ရှိသူက “ထီးကွာလော်နှင့် မောင်းမကွီး ဘက်မှာ တပ်ရင်းဆောက်မယ်၊ အချို့ကလည်း စိုက်ပျိုးရေးလုပ်မယ်လို့ ပြောကြတယ်။ မြေကြီး သူတို့(KNA)လက်ထဲ ရောက်သွားရင် ဘာတွေလုပ်မလဲဆိုတာတော့ မသိဘူးပေါ့။ ကျနော်တို့ ဘယ်သူမှ မြေမရောင်းချင်ကြဘူး။ သားစဉ်မြေးဆက်အတွက် ထိန်းသိမ်းထားချင်တာ။ အခုလောလောဆယ် ဘယ်မိဘကို အားကိုးရမလဲ မသိတော့ဘူး။” ဟု ကေအိုင်စီကို ပြောသည်။

Photo: BGF/KNA

ကေအဲန်ယူအုပ်ချုပ်မှုနယ်မြေလည်း ဖြစ်ခြင်းကြောင့် မြေနေရာကိစ္စနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် သက်ဆိုင်ရာကေအဲန်ယူ တာဝန်ရှိသူများ၊ KNA ဘက်က ခေါင်းဆောင်များ၏ သဘောထားကိုသိရှိနိုင်ရန် တွေ့ဆုံဆွေးနွေးလိုသည့် ဆန္ဒရှိနေပြီး မကြာမီ အစည်းအဝေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ KNA အဖွဲ့လာရောက်တိုင်းတာသွားသည့် မြေနေရာများမှာ ဒေသခံပြည်သူများ၏ လယ်ယာ၊ ငါးကန် နှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရာ ချောင်းနံဘေးတွင်ရှိ၍ ထိုချောင်းကို အမှီပြုနေရခြင်းကြောင့် နောင်ကာလတွင် မြေသိမ်းယာသိမ်းကိစ္စများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

ထို့အပြင် အဆိုပါမြေနေရာအများစုမှာ ကေအဲန်ယူထံ မှတ်ပုံတင်ထားသည့် မြေပိုင်ဆိုင်ခွင့်အထောက်အထားများ ရှိသလို အချို့က ပြည်နယ်အစိုးရနှင့် KNA ၏မြေစာရင်းအထောက်အထား၊ အချို့မှာမူ မည်သည့်အထောက်အထားမျှ မလုပ်ရသေးဟု ဒေသခံများက ဆိုသည်။

ကျေးရွာတာဝန်ရှိသူများဘက်က ထိုကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူထံ တိုင်ကြားထား၍ ကိုင်တွယ်ဖြေရှင်းမည့်နည်းလမ်းကို သိရှိနိုင်ရန် ကေအဲန်ယူ၏ မြို့နယ်တာဝန်ရှိသူများထံ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်နေဆဲဖြစ်သည်။

BGF/KNA အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဖြင့် နာမည်ဆိုးထွက်နေပြီး ဗိုလ်မှူးကြီးစောချစ်သူ မိသားစု အပါအဝင် ၎င်းတို့အဖွဲ့ခေါင်းဆောင်များမှာလည်း နိုင်ငံတကာထံမှ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသူများဖြစ်သည်။

ထို့အတူ နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းများကိုအာရုံစိုက်လာသည်နှင့်အမျှ မူလနယ်စပ်နေရာမှ ကရင်ပြည်နယ်၊ ဒေါနတောင်အတွင်းပိုင်းနေရာများသို့ လုပ်ငန်းများပြောင်းရွှေ့နေကြပြီး ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များက ဒေသခံများထံမှ မြေနေရာလိုက်လံဝယ်ယူနေသည့် သတင်းများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခြင်းရှိသည်။