Home သတင်း ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်တွင် တိုက်ပွဲ ပြင်းထန်ပြီး လေကြောင်းပစ်ကူများ လုပ်ဆောင်

ကြာအင်းဆိပ်ကြီးမြို့အနီးဝန်းကျင်တွင် တိုက်ပွဲ ပြင်းထန်ပြီး လေကြောင်းပစ်ကူများ လုပ်ဆောင်

1650
Photo: CJ

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့အနီးအနားဝန်းကျင်တွင် ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညကတည်းကစတင်၍ ယနေ့ နံနက်အထိ ပစ်ခတ်မှုပြင်းထန်ကာ စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု (၆)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့အနီး စစ်ကောင်စီအမြှောက်တပ် ခလရ ၃၂ စခန်းအနီးတွင် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အမြှောက်အများ ပစ်ထုတ်သည့်အပြင် လေယာဉ်များနှင့်လည်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် အဆောက်အဦး အချို့ မီးလောင်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးရှိဒေသခံတစ်ဦးက “ ပစ်ခတ်မှုက ညကတည်းက ဒီမနက် အထိရှိတုန်းပဲ။ လေယာဉ်တွေတစ်ခေါက်ပြီးတစ်ခေါက်လာတယ်၊ မြို့မှာတော့ တိတ်ဆိတ်တယ်ပေါ့။ မြို့ထဲအထိတော့ မရောက်ဘူး။ ကြာအင်းရွာနဲ့ ဆိပ်ကြီးကြားက အမြှောက်တပ် စခန်းအနီးမှာ မီးခိုးကြီးတွေထွက်တယ်၊ ထိခိုက်မှုတော့မသိရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးမြို့ခံအချို့နှင့် အနီးအနားကျေးရွာရှိ ဒေသခံလူထုအချို့မှာ ယမန်နေ့ညကတည်းက အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်တပ်ထိခိုက်မှုရှိသည်ဟု ဒေသခံများက ပြောဆိုကြပြီး ကေအိုင်စီအနေဖြင့် သီးသန့်အတည်ပြုချက် မရရှိပေ။

Photo: CJ

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် (ကေအဲန်ယူ၊ ဝင်းရေးမြို့နယ်) အစွန်းကျေးရွာ တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ယနေ့ နံနက်အထိ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား နေဆဲအပြင် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုများပြားလျက်ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တောင်စွန်းကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၁၆ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နှင့် အကြိမ်ပေါင်း ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တောင်စွန်းအပါအဝင် အနန်းကွင်း၊ ဆင်ပြေး၊ ၀င်းခန နှင့် ကျောက်ဘီလူး စသည့်ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု သိရသည်။

၎င်းအပြင် အနန်းကွင်းစစ်ကောင်စီစခန်း၊ လွှတ်ရှမ်းစခန်း၊ ခလယ်တံခွန်တိုင် စစ်ကောင်စီတပ်စခန်းနှင့် မွန်ပြည်နယ် အဘစ်ကျေးရွာစစ်ကောင်စီအမြှောက်တပ်တို့ကလည်း တိုက်ပွဲဖြစ်ပွားရာ တောင်စွန်းရွာဘက်သို့ လက်နက်ကြီးများ လှမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။