Home သတင်း ဝင်းရေးမြို့နယ်၊ ပုလိန်ရွာသို့ စစ်ကြောင်းထိုးလာသည့်စစ်အုပ်စု လူငယ်(၁)ဦးကို ပစ်သတ်ပြီး ရွာသားအချို့ကို ဖမ်းဆီး

ဝင်းရေးမြို့နယ်၊ ပုလိန်ရွာသို့ စစ်ကြောင်းထိုးလာသည့်စစ်အုပ်စု လူငယ်(၁)ဦးကို ပစ်သတ်ပြီး ရွာသားအချို့ကို ဖမ်းဆီး

14
Photo: CJ(ပုံဟောင်း), Wikipedia

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) ဝင်းရေးမြို့နယ် ပုလိန်ရွာတွင် အောက်တိုဘာလ(၁၂)ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသား(၁)ဦးကို စစ်ကြောင်းထိုးလာသည့်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်၍ ရွာသားအချို့ကိုဖမ်းဆီးထားကြောင်း ထိုရွာခံများကပြောသည်။

အင်အား(၂၀၀)ဝန်းကျင်ပါရှိသည့် စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်စခန်းမှတစ်ဆင့် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာရာ ပုလိန်ရွာဘက်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း အထိနာလာသည့်စစ်အုပ်စုသည် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်၍ ရွာသားအချို့ကိုဖမ်းဆီးထားပြီး အရေအတွက်အတိအကျ မသိရဟု ရွာခံများက ဆိုသည်။

“အသတ်ခံရတဲ့ လူငယ်က အသက် ၂၅ နှစ်လောက်ပဲရှိတယ်။ ဆိုင်ကယ်စီးလာတဲ့အချိန် ပစ်ခံရတာ။ ပြီးတော့ သူတို့(စစ်အုပ်စု)လာတာ အထိနာတော့ ရွာသားတွေကို ဖမ်းထားတာ (၁၀)ဦးထက်မနည်းတော့ ရှိမယ်။ ဒါပေမယ့် အတည်ပြုတုန်းပဲ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ပုလိန်ရွာထဲသို့ စစ်အုပ်စုစစ်ကြောင်းထိုးလာ၍ အိမ်ခြေ(၂၀၀)ကျော်ရှိသည့် ရွာနေလူထုသည်လည်း နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေရသည်။

Photo: CJ(ပုံဟောင်း), Wikipedia

ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်အပေါ် ကရင်လူအခွင့်အရေးအဖွဲ့(KHRH) အား မေးမြန်းရာ အတည်ပြုနေဆဲဖြစ်ပြီး စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းကိုမူ KHRG အနေဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။

KHRG ပြောရေးဆိုခွင့်ရှိသူ နော်အယ်လ်နော်က “ကျမတို့လည်း တိုက်ပွဲပြင်းထန်တော့ကြားတယ် အတည်မပြုရသေးဘူး။ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကျမတို့ အမြဲအစီရင်ခံစာထုတ်ပါတယ်။ ဒီဖြစ်စဉ်ကိုလည်း သေချာအတည်ပြုပြီးရင် အတည်ပြုချက်ထုတ်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် အောက်တိုဘာ(၁၂)ရက်နေ့မှ ယမန်နေ့၊ အောက်တိုဘာ(၁၃)ရက်နေ့ မနက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သလို လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် နယ်မြေမငြိမ်မသက်ဖြစ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထို့အတူ လုံခြုံရေးအခြေအနေအရ မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းသို့ ခရီးသည်တင်မော်တော်ယာဥ်များ အတက်အဆင်းမလုပ်ရဲတော့ကြောင်းလည်း ဒေသခံများက ဆိုသည်။