ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံတောင်ကလေး အကျဉ်းထောင်မှ စစ်ကောင်စီ စစ်အာဏာ သိမ်းမှု အားဆန်ကျင်သူများအပါအဝင် ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ကျနေသူများထဲမှ လွတ်ရက်စေ့နေသူ၊ လျှော့ရက်၊ လွတ်ရက်နီးသူ အကျဉ်းသား ၁၅၀ ခန့်အား လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရန် စီစဉ်စိစစ်နေကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သည့် သတင်းအရင်းထံမှ သိရသည်။
တောင်ကလေးအကျဉ်းဦးစီးဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “နပတ(နေပြည်တော်)က ညဘက်အမိန့်စာ၀င်လာမှ စိစစ်လုပ်ဆောင် ပြီး လွှတ် ပေးရတာမျိုးလို့ သိရတယ်။ လူ ၁၅၀ လွှတ်မယ်တော့ သိရတယ်၊ ဘယ်သူလွှတ်မယ် ဆိုတာ ထောင်အရာရှိတွေတောင် မသိရဘူး၊ အခုဆန္ဒပြတာ၊ CDM လုပ်တာ ကို ၅၀၅(က) နဲ့ စွဲပြီး ထောင် ၂နှစ် ချထားသူတွေ လွတ်ရက် စေ့နေတာ၊ လွတ်ရက် တောင် လွန်နေတာတွေ လွှတ်ပေးတဲ့ အထဲဘယ်လောက်ပြန်လွှတ်မလည်းတော့ မသိဘူး”ဟု ပြောသည်။
ထို့အပြင် ကျန်သူများမှာ မူးယစ်ဆေးဝါးမှု ၊ ခိုးမှုနှင့် အခြားပြစ်မှုများဖြင့် အကျဉ်းကျနေသူများဖြစ်သည်ဟု အဆိုပါ တောင်ကလေးထောင် ၀န်ထမ်း များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆက်ပြောသည်။
ယနေ့ ၂၀၂၃ ခုနှစ် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက နိုင်ငံလုံးအကျဉ်းထောင်များမှ အကျဉ်းကျနေသူများ လွတ်ငြိမ်းခွင့်ပြုမည်ဟုသတင်း ထွက်ပေါ် နေသော်လည်း ၊ စစ်ကောင်စီ သတင်းဌာနနှင့် သတင်းစာများက ထုတ်ပြန်ကြေငြာခြင်းမျိုး မရှိသေးပေ။
သို့သော် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားအချို့ ဖြစ်သော သူရဦးအောင်ကို၊ ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦး အစရှိသည့် ထင်ရှားကျော်ကြားသူအချို့ နေအိမ်အရောက် ပြန်ပို့ လွှတ်ပေးကြောင်း သိရှိရသည်။
“ဖားအံ တောင်ကလေးထောင်မှာတော့ ကျမတို့ ကလေးတွေ လွှတ်မလားဆိုပြီး တော့စောင့်နေတယ်၊ လွှတ်လာတာ အခုချိန်ထိတော့ မတွေ့သေးဘူး။ သူတို့က ဆန္ဒပြပြီး CDM လုပ်တဲ့ ကျောင်းဆရာမအုပ်စုကလေးတွေ လွတ်ရက်တော့ လပိုင်းလို သေးတယ်၊ လွှတ်လာသူထဲ ပါမလားဆိုပြီး လာစောင့်နေတာ” ဟု ဖားအံမြို့မှ အကျဉ်းသူတစ်ဦး၏ မိခင်ကပြောသည်။
ကရင်ပြည်နယ် စစ်ကောင်စီအနေဖြင့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းသားများ လွှတ်ပေးမည့်ကိစ္စအပေါ် သတင်းအမျိုးအမျိုး ထွက်ပေါ် နေသည့် အတွက် တောင်ကလေးအကျဉ်းထောင်ရှေ့တွင် အကျဉ်းကျခံ နေရသူများ၏ မိသားစု၀င်များ လာရောက်စုဝေး စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။



















