စက်တင်ဘာ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေရှိ ဒေသခံအမျိုးသားတစ်ဦးသည် နယ်ခြားစောင့်တပ်-BGF ထဲကို ဝင်သည့်သားနှစ်ဦး၏ လက်နက်များကိုယူ၍ ကေအဲန်ယူထံ ကိုယ်တိုင်လာရောက်လာရောက်အပ်နှံခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ စက်တင်ဘာလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မာထောရွာသား စောမီးလေးဆိုသူသည် BGF တပ်ထဲကို ဝင်သည့် သူ၏သားနှစ်ဦးအား ကေအဲန်ယူထံ လက်နက်ချဝင်ရောက်ရန် တိုက်တွန်းပြောဆိုသော်လည်း မရသည့်အတွက် သားဖြစ်သူ၏ လက်နက်(၃)နှင့် ကျည်ဆံများကိုယူဆောင်၍ ကေအဲန်ယူ တပ်မဟာ(၅)ထံ ၎င်းကိုယ်တိုင်လာရောက် အပ်နှံခဲ့ခြင်းဖြစ်သည်။
သူလာရောက်အပ်နှံခဲ့သည့် လက်နက်များမှာ AR ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ဆံ (၃၀)ထောင့်၊ G3 ၁ လက်၊ ကျည်အိမ် ၂ခု၊ ကျည်ဆံ (၁၁၃)ထောင့်နှင့် ခါဘိုင် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ဆံ (၁၅)ထောင့်ပါရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဒေသခံ စောမီးလေးသည် ကိုယ်အင်္ဂါမပြည့်စုံသူတစ်ဦးဖြစ်သော်လည်း တိုင်းပြည်အတွက်၊ အဖွဲ့အစည်းအတွက် အမှန်တကယ် ပေးဆပ်နေသူဖြစ်သည့်အတွက် မူတြော်ခရိုင် တပ်မဟာ(၅) ခေါင်းဆောင်များက ၎င်းအား ကျပ်ငွေ သိန်း(၄၀) ပြန်လည်ထောက်ပံ့ပေးလိုက်ခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















