စက်တင်ဘာ ၉ ရက်၊ ၂၀၂၂ ။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်အဆင့် ကရင်လူငယ်အစည်းအရုံး (KYO)၏ ၈ ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီဝင်များ ပြန်လည်ရွေးကောက်ပွဲကို ပိုင်ကျုံမြို့နယ်တွင် ဩဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့် KYO အလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးကောက်ရာတွင် ဥက္ကဋ္ဌအဖြစ် ဒုံရင်းမြို့နယ် စောအစိုင်း၊ ဒုဥက္ကဋ္ဌအဖြစ် ဖားအံမြို့နယ်မှ စောဖိုး၀ါး၊ အတွင်းရေးမှူး လှိုင်းဘွဲမြို့နယ်မှ စောဝင်းမိုးနှင့် တွဲဘက် အတွင်းရေးမှူး ဒုံရင်းမြို့နယ်မှ နန်းကြည်ကြည်ခိုင်တို့ အပါအဝင် ၉ ဦးပါကော်မတီကို မြို့နယ် ၅ ခုမှ တက် ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များက မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
ယခုရွေးကောက်ခံကြရသည့် ခရိုင်အဆင့် ခေါင်းဆောင်သစ်များအနေဖြင့် လူငယ်နှင့်ပညာရေးအခန်းကဏ္ဍကို ဦးစားပေးလုပ်ဆောင်သွားရန်အပါအဝင် ရှေ့လုပ်ငန်းစဥ် ၁၁ ချက်ကို ချမှတ်အကောင်အထည်ဖော် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဖားအံခရိုင်အတွင်း KYO ဖွဲ့စည်းခြင်းမရှိသေးသည့် မြို့နယ်နှင့် ကျေးနယ်များတွင် ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌသစ်ဖြစ်သူ စောအစိုင်းက ကေအိုင်စီသို့ ပြောသည်။
“ကျနော့်ရဲ့ တစ်ဦးတစ်ယောက်အနေနဲ့တော့ အရင်ဦးဆုံး အကောင်အထည်ဖော်ချင်တာကတော့ လူငယ်နှင့် ပညာရေးပဲဖြစ်တယ်၊ နောက်မှ အနာဂတ်ရှေ့လုပ်စဥ် ၁၁ ချက်ကို ကျနော့်တို့ ဆက်လက် ဖော်ဆောင်ကြမယ် “ဟု ပြောသည်။

ရွေးကောက်တင်မြှောက်ခံရသည့် KYO ခေါင်းဆောင်များအနေဖြင့် ကရင်ပြည်သူနှင့် လူထုအကျိုးအတွက် လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကိုယ်တိုင်မဲပေးခဲ့သူ ပိုင်ကျုံမြို့နယ်မှ လူငယ်ကိုယ်စားလှယ် စောယာယားက ယခုလို ပြောသည်။
“ အခုတက်လာမယ့် KYO ဥက္ကဋ္ဌကို ကျနော်တို့အားလုံးသည် မဲပေးစနစ်နဲ့မဲပေးခဲ့ပြီး ကျနော်ကိုယ်တိုင်က ဒီဥက္ကဋ္ဌကို ယုံကြည်မှုအပြည့်အဝ ထားတယ်။ နောက်ပိုင်းဆိုရင် ကရင်အမျိုးသားအကျိုး၊ ပြည်သူအကျိုးတွေကော အတတ်နိုင်ဆုံးစွမ်းစွမ်းတမံ ဆောင်ရွက်သွားစေချင်တာပေါ့နော်”ဟု သူက ပြောသည်။
ယခုရွေးကောက်တင်မြှောက်ခံရသည့် ခရိုင်အဆင့်ကော်မတီအသစ်အနေဖြင့် KYO မဖွဲ့စည်းနိုင်သေးသည့် အခြားမြို့နယ်များကို ဦးစွာဖွဲ့စည်းရန် လိုအပ်ကြောင်း၊ မြို့နယ် ၅ ခုလုံး KYO ဖွဲ့စည်းနိုင်မှ ခရိုင်အဆင့်ရှိ လုပ်ငန်းများ စတင်အလုပ်ဆောင်နိုင်မည်ဟု ယခင်ဥက္ကဌဟောင်းဖြစ်သူ စောပုလူက အကြံပြုပြောဆိုသည်။
ခရိုင်အဆင့် ကရင်လူငယ်အစည်းအရုံး-KYO အလုပ်အမှုဆောင်ကော်မတီသစ် ရွေးကောက်တင်မြှောက်မှုကို ပုံမှန်အားဖြင့် ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဖားအံခရိုင်အဆင့်အနေဖြင့် အခြေအနေ အကြောင်း အမျိုး မျိုးကြောင့် ၁၂ နှစ်ကြာမှ အလုပ်အမှုဆောင်ကော်မတီသစ်ကို ပြန်လည်ရွေးကောက်တင်မြှောက်နိုင်ခြင်း ဖြစ်သည်။



















