စက်တင်ဘာ ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ယခုနှစ်၌ ဝဥ ဝယ်ယူ ပြန်ရောင်းချသည့် အဝယ်ဒိုင်များ မရှိ သောကြောင့် ၀ဥစိုက်ပျိုးကြသူများမှာ ဝင်ငွေများ မရှိတော့ဘဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများ အသီးသီး ဈေးမြင့်တက်လာသည့်အတွက် ဝဥဈေးနှုန်းမှာလည်း ဈေးကောင်းရနိုင် မည်ဟု ထင်ထားသည်ကို ယခုအချိန်ထိပင် ဝယ်သူမရှိသဖြင့် ဝင်ငွေမရရှိကြောင်း ဝဥစိုက်ပျိုးသူများက ပြောဆိုသည်။
တစ်နိုင်တစ်ပိုင် ဝဥစိုက်ပျိုးသူတစ်ဦးက “ကုန်ဈေးနှုန်းတွေတော့ အဆမတန်ဈေးတက်တယ် ဝဥဈေးက တက်မတက် တော့ မသိသေးဘူး။ အခုချိန်ထိတော့ ဝယ်တဲ့သူ မရှိသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်နှစ်များတွင် ဝဥအဝယ်ဒိုင်များသည် ကျေးရွာများတွင် အဝယ်ကိုယ်စားလှယ်များ ချထားသည်။ ဝဥအဝယ် ကိုယ် စားလှယ်များသည် တစ်ပိဿာလျှင် ၅၀ကျပ်မှ ၁၀၀ကျပ်ထိရရှိသည်ဟု အဝယ်ကိုယ်စားလှယ်များထံမှ သိရသည်။
“အရင်နှစ်ဆို တစ်ပိဿာမှာ ၁၀၀ကျပ်ရတယ်။ တစ်ခါတစ်လေလည်း ၅၀ကျပ်ပဲရတယ်။ လုပ်နိုင်ရင်တော့ တစ်ရာသီ မှာ ၁၀သိန်းဝန်းကျင်လောက် ရတယ်။ ဒီနှစ်တော့ ဝဥဒိုင်လည်း တစ်ယောက်မှ ဆက်သွယ်လာတာ မရှိဘူး။”ဟု ဝဥ ဝယ်ယူသူ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မီးသွေးဈေးနှုန်း မြင့်တက်သဖြင့် ဝဥ အခြောက် ဖုတ်ရောင်းသူများ မလုပ်ရဲတော့ကြောင်း၊ ဝဥ စိုက်ပျိုးသူသည် ဝယ်သူ မရှိသဖြင့် ဝင်ငွေမရရှိတော့ကြောင်း၊ စားသောက်ကုန်များ အဆမတန် ဈေးမြင့်တက်ခြင်းကြောင့် ဈေးကောင်းရမှ ရောင်းနိုင်မည့်သူရှိပြီး ငွေကြေးအခက်အခဲကြောင့် ရသည့်ဈေးနှင့်ရောင်းမည့်သူများရှိကြောင်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒေသခံအချို့ထံမှ သိရသည်။
မြဝတီမြို့ရှိ ဝဥစက်ရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုနှစ်မှာ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဈေးမ ကောင်းကြောင်း၊ စက်ရုံအရောက်သို့ တစ်ပိသာလျှင် ၈၅၀ ဈေးနှင့် အဝယ်ဈေးနှုန်းဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ကျေးရွာများတွင် ကိုယ်စားလှယ်များချထားပြီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀မှ ၁၅၀၀အထိ ဈေးရရှိ ခဲ့ကြောင်း ကော့ကရိတ်မြို့ ဝဥဝယ်သူများထံမှ သိရသည်။



















