Home သတင်း ‌ကော်ခို‌စောဘဦးကြီးဇာတိ ဘဲဂရက်ရွာတွင် အာဇာနည်‌နေ့ မကျင်းပရန် စစ်‌ကောင်စီတပ်ဖွဲ့များ တားမြစ်ပိတ်ပင်

‌ကော်ခို‌စောဘဦးကြီးဇာတိ ဘဲဂရက်ရွာတွင် အာဇာနည်‌နေ့ မကျင်းပရန် စစ်‌ကောင်စီတပ်ဖွဲ့များ တားမြစ်ပိတ်ပင်

1026

ဩဂုတ် ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင့်အာဇာနည် ‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ဇာတိ ဧရာဝတီတိုင်း၊ ကန်ကြီး‌ထောင့်မြို့နယ် ဘဲဂရက်‌ကျေးရွာတွင် ယ‌နေ့ကျ‌ရောက်သည့် ၇၁ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို မကျင်းပရန် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက လာ‌ရောက်တားမြစ်ပိတ်ပင်မှုများ လုပ်‌ဆောင်ခဲ့သည်ဟု သိရှိရသည်။

အမျိုးသား‌ခေါင်း‌ဆောင်‌စောဘဦးကြီး၏ ဇာတိ ဘဲဂရက်ရွာတွင် (၇၁)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့အတွက် လာ‌ရောက် လွမ်းသူပန်း‌ခွေချခြင်း၊ ဂါရဝပြုခြင်း ၊ အ‌လေးပြုခြင်း မပြုလုပ်ရန် ဘဲဂရက်ရွာအဝင်တွင် စစ်‌ကောင်စီ၏ ရဲ၊ စစ်သားနှင့် အုပ်ချုပ်‌ရေးအဖွဲ့များသည် ကိုဗစ်‌ရောဂါ အ‌ကြောင်းပြ၍ ယ‌နေ့နံနက် ၅နာရီစတင်ကာ သတင်း‌ရေးသားချိန် ‌နေ့လည်အချိန်အထိ ‌ကျေးရွာလမ်းထိပ်ကို ပိတ်ကာ တားမြစ်ပိတ်ပင်ထားသည်ဟု ရွာသားများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံ လူငယ်တစ်ဦးက “ ‌ကော်ခို‌စောဘဦးကြီး‌ကျောက်တိုင်ကို လာပြီး‌တော့ ဂါရဝ ပြုသူ‌တွေ၊ လွမ်းသူပန်း‌ခွေ ချသူ‌တွေအားလုံး ပြန်လှည့်လာရတယ်‌ပေါ့‌နော်။ သူတို့က လုံးဝကို အထဲကို ‌ပေးမဝင်ဘဲနဲ့ အထက်အမိန့်အရ မလုပ်ဖို့ ‌ပြောတာ‌ပေါ့‌နော်။ အခုထိ လမ်းထိပ်မှာ ပိတ်ထားတယ်‌ပေါ့‌နော်။ ရဲအင်အား ၂၀‌ကျော်ရှိတယ်။ စစ်သားအင်အား ၂ဝ ‌ကျော်ရှိတယ်။ အုပ်ချုပ်‌ရေးအဖွဲ့‌တွေ အပါအဝင်‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့ အကြား ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA)ကို လက်မှတ်‌ရေးထိုးပြီး‌နောက် ၂၀၁၆ ခုနှစ်မှစတင်ကာ ကရင့်အာဇာနည်‌နေ့ကို အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးဇာတိရွာ ဘဲဂရက်တွင် စတင်ကျင်းပလာနိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ကရင်ပြည်သူများကလည်း ‌ကော်ခို‌စောဘဦးကြီး ‌ကျောက်တိုင်ကို လာ‌ရောက်ဂါရဝပြုခြင်းနှင့် လွမ်းသူပန်း‌ခွေချခြင်း အစီအစဉ်များ နှစ်စဉ် ပြုလုပ်လျက်ရှိသည်။

ယခုနှစ်ကျ‌ရောက်သည့် ၇၁ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်နယ် ‌မြေအချို့တွင် သက်ဆိုင်ရာ တပ်ရင်းအလိုက် ကျင်းပခဲ့ကြသလို ကရင်လူမှုအဖွဲ့အစည်းများကလည်း အွန်းလိုင်း‌ပေါ် ‌ဟော‌ပြောပွဲအစီအစဉ်များ ကျင်းပခဲ့ကြသည်။

၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ရဲ‌ဘော်ရဲဘက်တချို့ ကျဆုံးသွားခဲ့သည့်‌နေ့ကို အစွဲပြု၍ ကရင်တစ်မျိုးသားလုံးက အာဇာနည်‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။