Home သတင်း ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် KNU ‌ခေါင်း‌ဆောင်များ လက်ရှိ ရာထူးမှနုတ်ထွက်ရန် ‌တောင်းဆို မှုများရှိ‌နေ

ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် KNU ‌ခေါင်း‌ဆောင်များ လက်ရှိ ရာထူးမှနုတ်ထွက်ရန် ‌တောင်းဆို မှုများရှိ‌နေ

16234

ဩဂုတ် ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ဗဟို‌ခေါင်း‌ဆောင်များ ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှုအ‌ပေါ် အယုံအကြည်မရှိ‌တော့သည့်အတွက်‌ကြောင့် လက်ရှိရာထူးမှ ချက်ချင်း နုတ် ထွက်ကြရန်ကရင်လူထုများမှ လက်မှတ်ထိုး‌တောင်းဆို‌ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ယမန်‌နေ့ ဩဂုတ်လ ၁ဝ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးနှင့် ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီများအ‌နေဖြင့် အလုပ်မဖြစ် ‌သော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)ကို ဆက်လက်စွဲကိုင်ပြီး လက်ရှိ အာဏာသိမ်း စစ်‌ကောင်စီ နှင့် နိုင်ငံ‌ရေး ‌ဖြေရှင်းလိုသည့် သ‌ဘောထားမှာ ကရင့်‌တော်လှန်‌ရေးနှင့် အဖွဲ့အစည်းကို အန္တရာယ်အတွင်းသို့ တွန်းပို့‌နေ‌ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဆိုထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး IKO နာယကတစ်ဦးဖြစ်သူ ‌စော‌ကျော်ဝင်းက “ဟုတ်ပါတယ် ဒီစာက ကျ‌နော်တို့ ‌ဆွေး‌နွေးပြီး ထုတ်ခဲ့ကြတာပါ။ ကျ‌နော်တို့ကို အယုံအကြည်မရှိ‌အောင် လုပ်ခဲ့လို့ အယုံအကြည် မရှိ‌ကြောင်း ‌ပြောရတာ ‌လေး‌နော်။ အမျိုးသား ‌ခေါင်း‌ဆောင်တစ်‌ယောက်အ‌နေနဲ့ ပြည်သူလူထုအယုံအကြည်မရှိ‌အောင် လုပ်ထားလို့ အယုံအကြည်မရှိတဲ့အ‌ကြောင်း ဒါက ‌ထောက်ပြလိုက်တာပါ။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ အမျိုးသား‌ခေါင်း‌ဆောင်များ၏ ဆိုးရွားသည့် ဦး‌ဆောင်မှုဖြစ်စဉ်များကို ကရင့်‌တော်လှန်‌ရေး သမိုင်းတွင် ပထမဦးဆုံးအကြိမ်နှင့် ‌နောက်ဆုံးအကြိမ်သာ ဖြစ်‌စေလိုပြီး ကရင်အမျိုးသားအတွင်း အဖြစ်ဆိုးသည့် ဖြစ်ရပ် အ‌နေဖြင့် ရှုမြင်‌ကြောင်းလည်း ‌စော‌ကျော်ဝင်းက ဆက်‌ပြောသည်။

ဥက္ကဌ ‌စောမူတူး‌စေးဖိုးအ‌နေဖြင့် ၎င်းတာဝန်ယူချိန် သက်တမ်းကာလ ၈ နှစ်အတွင်း မြန်မာစစ်တပ်၏ ကရင် လူထုအ‌ပေါ် လူ့အခွင့်အ‌ရေး ဆက်လက်ချိုး‌ဖောက်မှုများကို ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်းမရှိ‌ကြောင်း နှင့် အဖွဲ့အ စည်းအတွင်း ‌သွေးကွဲ‌စေသည့် သ‌ဘောထားထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ခဲ့‌ကြောင်း အဆိုပါ ထုတ်ပြန် ချက် ၌ ‌ထောက်ပြထားသည်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီး‌နောက် ယခုနှစ် မတ်လ ၂၈ က ထုတ်ပြန်ခဲ့သည့် စစ်‌ကောင်စီ၏ ထုတ်ပြန်ချက် ဖြစ်‌သော KNU တပ်မဟာ (၅)အ‌ပေါ် စွပ်စွဲချက်နှင့် ပတ်သက်ပြီး KNU ဗဟိုဘက်မှာ ပြန်လည်တုန့်ပြန်‌ပြောဆို ခြင်းမရှိခြင်း နှင့် စစ်အာဏာသိမ်းသည့်တိုင် NCA လမ်း‌ကြောင်းအတိုင်း ဆက်လက်သွားရန် ‌မေလ ၁ဝ ရက်‌နေ့ က KNU ဥက္ကဌ ‌စောမူတူး‌စေးဖိုးက သ‌ဘောထားထုတ်ပြန်ခဲ့ခြင်းအ‌ပေါ် အဓိက‌ထောက်ပြ‌ဝေဖန်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်‌နေ့က စစ်‌ကောင်စီဘက်မှ KNU တပ်မဟာ (၅) အ‌နေဖြင့် ဗဟို နှင့် KNLA စစ်ဦးစီး ချုပ်တို့အား လိုက်နာမှုမရှိ‌ကြောင်း၊ KNU ဗဟို အ‌နေဖြင့် NCA လမ်း‌ကြောင်းအတိုင်း ဆက်သွားမည် ဖြစ် ‌ကြောင်း၊ KNU တပ်မဟာ (၅)၏ လုပ်‌ဆောင်ချက်များသည် KNU ဗဟို၏ သ‌ဘောထား မပါဝင်‌ကြောင်း၊ KNU တပ်မဟာ (၅) အ‌နေဖြင့် အမိန့်နာခံမှုမရှိဘဲ NCA ကို ချိုး‌ဖောက်‌နေခြင်းအ‌ပေါ် အ‌ရေးယူနိုင်‌ကြောင်း KNU ဗဟိုကို အသိ‌ပေးအ‌ကြောင်းကြားခဲ့သည့် သတင်းထုတ်ပြန်မှု ဖြစ်စဉ်ကို ဆိုလိုခြင်းဖြစ်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်များ ‌ပေါ်ထွက်လာသည့်တိုင် KNU ဘက်မှ တစ်စုံတစ်ရာ တရားဝင် ပြန်လည် ထုတ်ပြန် ရှင်းလင်းခြင်းမရှိ‌သော်လည်း ၎င်း‌ပြောဆို ထုတ်ပြန်မှုမှာ အဖွဲ့အစည်းအတွင်း ‌သွေးကွဲ‌စေရန် ထုတ်ပြန် သည့် သတင်းမျိုးအဖြစ် KNU အတွင်း‌ရေးမှူး (၂) ပဒို ‌စောလှထွန်းက ‌ကေအိုင်စီသို့ မတ်လ ၃ဝ ရက်‌နေ့တွင် ပြန်လည်ရှင်းလင်း ‌ပြောဆိုထားမှုမျိုးရှိသည်။

ထို့အတူ KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)နှင့် ကရင်အမျိုးသား ကာကွယ်‌ရေးတပ်(KNDO) တပ်ဖွဲ့ဝင်‌ခေါင်း‌ဆောင်များမှ စစ်‌ကောင်စီ၏ ထိုးစစ်ဆင်‌နေမှုအ‌ပေါ် ပြန်လည်ခုခံ ကာကွယ်‌နေခြင်းအ‌ပေါ် ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ‌ခေါင်း‌ဆောင်များက ကြိမ်ဖန်များစွာ ပြစ်တင် ရှုတ်ချခဲ့‌ကြောင်း နှင့် NCA ထိုးပြီးချိန်မှစ၍ ‌တော်လှန်‌ရေး မဟာမိတ် အင်အားစုများ ယုတ်‌လျော့လာပြီး ရှိ‌နေသည့် မဟာမိတ်များကိုလည်း KNU ဘက်မှ စတင်‌ကျောခိုင်းသည့် ‌တော်လှန်‌ရေး သမိုင်းဆိုးများ ပြုလုပ်ခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်၌ ‌ပြောဆိုထားသည်။

ယခင် မြန်မာ ပြည်‌တောင်ပိုင်းနှင့် ‌မြောက်ပိုင်းမှ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်း ထားသည့် ညီညွတ်‌သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ‌ကောင်စီ( UNFC)စုဖွဲ့မှုတွင် KNU အ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် UNFC နှင့် ပူး‌ပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းမှုမျိုး ပြုလုပ်ခဲ့ပြီး ပြန်လည်ပူး‌ပေါင်း ပါဝင်မှု လည်းမရှိ သလို စုဖွဲ့မှုအတွင်း KNU ထွက်ပြီး ချိန်မှစ၍ UNFC အတွင်း မဟာမိတ်စုဖွဲ့မှုများမှာလည်း တဖြည်းဖြည်း ပြိုကွဲသွားပြီး ယ‌နေ့အချိန်တွင် လုံးဝပြန်လည်စုစည်းနိုင်ခြင်းမရှိသည့် ဖြစ်စဉ်မျိုးရှိခဲ့သည်။

NCA အ‌ကောင်အထည်‌ဖော်ချိန်မှစ၍ KNU၏ ‌တော်လှန်‌ရေး နှင့် နိုင်ငံ‌ရေး ဦး‌ဆောင်မှု ပြိုကွဲသွားပြီး အဖွဲ့အ စည်း နှင့် တပ်ဖွဲ့များအတွင်း ဖယိုဖရဲမှုများ ဖြစ်‌ပေါ်‌စေခဲ့‌ကြောင်း နှင့် KNU ကွန်ဂရက်မှချမှတ်ထားသည့် လမ်းစဉ်လုပ် ငန်းစဉ်အတိုင်း ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် လျစ်လျူရှုခဲ့ပြီး အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့‌ကြောင်းလည်း ဆက်လက် ‌ပြောဆိုခဲ့သည်။

နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ ‌စောကပိက “ KNU သည် အခုလက်ရှိမှာ ကရင်တစ်မျိုးသားလုံးအတွက် အစိုးရ တစ်ရပ်အ‌နေနဲ့ လည်ပတ်‌နေတာမဟုတ်ဘူး။ ဒီလို IKO က‌နေ KNU ‌တွေရဲ့ ‌ခေါင်း‌ဆောင်‌တွေကို အယုံအကြည် မရှိ‌တော့တဲ့အတွက် ထွက်‌ပေးပါလို့ ‌ပြောလိုက်တာက‌တော့ KNU အ‌နေနဲ့ အမျိုးသားတစ်ရပ်လုံးအတွက် အစိုးရ တစ်ရပ်အ‌နေနဲ့ လည်ပတ်‌နေတယ်ဆိုရင်‌တော့ ဒါတစ်မျိုးစဉ်းစားလို့ရမှာ‌ပေါ့။ အခုက KNU က အဖွဲ့အစည်းတစ် ရပ်ပဲဖြစ်တဲ့အတွက် ‌ခေါင်း‌ဆောင်‌တွေကို မကြိုက်‌တော့ဘူး၊ အယုံအကြည်မရှိ‌တော့ဘူးဆိုရင် အဖွဲ့အစည်း ဝင်‌တွေက သူ့မှာ လုပ်ရမယ့် စည်းမျဉ်းစည်းကမ်း‌တွေရှိတယ်။ အဲ့လိုပုံစံမျိုးနဲ့ပဲ သွားလို့ရမယ်။” ဟု သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် KNU သည် ကရင်တစ်မျိုးသားတစ်ရပ်လုံးအတွက် ကိုယ်စားပြုပြီး ‌တော်လှန်‌ရေးကို ဦး‌ဆောင် ‌နေသည့် အဖွဲ့အစည်းဖြစ်‌သော‌ကြောင့် ယခုလို ‌ထောက်ပြ‌တောင်းဆိုမှုများရှိသင့်‌သော်လည်း ယခုလို ပြင်ပအဖွဲ့အစည်းများ၏ နုတ်ထွက်ရန် ‌တောင်းဆိုမှုအ‌ပေါ် အ‌ရေးယူ‌ဆောင်ရွက်လျှင် နိုင်ငံ‌ရေးအရ ပြဿနာ များစွာ‌ပေါ်‌ပေါက်လာနိုင်‌ကြောင်း အဖွဲ့အစည်းအတွင်း စည်းမျဉ်း၊ စည်းကမ်းများဖြင့်သာ လုပ်‌ဆောင်သွားနိုင် မည်ဟု ယူဆ‌ကြောင်း ‌စောကပိက ဆက်‌ပြောသည်။

အဆိုပါ ‌ခေါင်း‌ဆောင်များရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ထုတ်ပြန်ထားသည့် IKO ၏ ထုတ်ပြန်ချက်တွင် ကရင် လူထုများမှ လက်မှတ်ထိုး ထုတ်ပြန်‌ကြေညာ‌ကြောင်း ‌ဖော်ပြထား‌သော်လည်း လက်မှတ်ထိုး‌တောင်းဆိုသည့် လူဦး‌ရေ အ‌ရေအတွက်၊ ‌နေရာ ‌ဒေသများကို သီးခြား ‌ဖော်ပြထားခြင်းမရှိဘဲ ‌ကေအိုင်စီ အ‌နေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

အလားတူ လက်ရှိတွင် ၄ နှစ်တစ်ကြိမ် ပြုလုပ်ကျင်းပသည့် KNU၏ (၁၇) ကြိမ်‌မြောက် ကွန်ဂရက်အစည်း အ‌ဝေး ပွဲကြီးကိုလည်း စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်‌ရောဂါကာလများ‌ကြောင့် ပြန်လည်‌ခေါ်ယူနိုင် ခြင်းမရှိ ‌သေး‌သော‌ကြောင့် သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်သစ်များ ပြန်လည်‌ရွေးချယ်နိုင်ခြင်းမရှိ‌သေးချိန်တွင် ယခုလို ထုတ်ပြန် ချက်ထွက်‌ပေါ်လာခြင်းဖြစ်သည်။