ဩဂုတ် ၁၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းသားများသမဂ္ဂအနေဖြင့် ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သော ၇၁နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ကရင်အမျိုးသား တော်လှန်ရေးသမိုင်းတစ်လျှောက် အသက်ပေးစွန့်လွှတ်ခဲ့ပါသော ကရင်အမျိုးသား ထုတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည့် စောဘဦးကြီးနှင့် ညီနောင်သူရဲကောင်း အာဇာနည်အပေါင်း တို့ကို ရေးမြို့နယ် ကျောင်းသားများသမဂ္ဂက ကရင်တိုင်းရင်းသားများနှင့်ထပ်တူ လေးစားဂုဏ်ယူစွာဖြင့် ဂါရဝပြုသည် ဟု ဆိုသည်။
အခြားတိုင်းရင်းသားများနှင့်ထပ်တူ ကရင်လူမျိုးစုသည် အမျိုးသားရေး ခွဲခြားဆက်ဆံမှုမရှိစေရန်နှင့် နိုင်ငံရေးအရ တန်းတူအခွင့်အရေးရရှိစေရန် တိုက်ပွဲဝင် တောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်း (၇၀)ကျော်လာခဲ့ပြီဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီခရီးလမ်းသည် ယနေ့ထိတိုင် ခက်ခဲကြမ်းတမ်းနေဆဲ ဖြစ်သည်ဟု သဝဏ်လွှာတွင် ပြောဆိုထားသည်။
ယနေ့အချိန်တွင်လည်း အာဏာရူး စစ်ဘီလူးတို့၏ လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းမှုကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး အတူတကွ အင်တိုက်အားတိုက် တွန်းလှန်နေကြပါသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း နေထိုင်ကြသော ရေးမြို့နယ်လူထုကိုယ်စား ရေးမြို့နယ်ကျောင်းသားများသမဂ္ဂက ကရင်တိုင်းရင်းသားများ နှင့်ထပ်တူ (၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုရင်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် အာဏာ ရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတို့အတွက် စွမ်းစွမ်းတမံ တော်လှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်ဟု ဖော်ပြထားသည်။



















