ဧပြီ ၂ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ၂၀၁၆ခုနှစ် မတ်လ ၃ဝရက်နေ့တွင် နိုင်ငံတော်တာဝန်များကို လွှဲပြောင်းရယူသော သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်ကို ကြိုဆိုထောက်ခံကြောင်း ယနေ့ (ဧပြီလ ၂ ရက်နေ့) ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “အခု အစိုးရ သစ်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလည်းဖြစ်တယ်။ နောက်ပြီး အစိုးရ သစ်ရဲ့မူဝါဒဟာ ကျနော်တို့ KNU နိုင်ငံရေးမျှော်မှန်းချက်၊ ရည်မှန်းချက်တွေနဲ့ တစ်ထပ်တည်းကျလို့ ဖြစ်ပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ယခင်အစိုးရလက်ထက် ဖော်ဆောင်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက် အကောင်အ ထည်ဖော်မည့် အစိုးရသစ်အနေဖြင့် နိုင်ငံရေး မပြေလည်မှုပြဿနာများကြောင့် ဖြစ်ပွားလာရသည့် လက် နက်ကိုင်ပဋိပက္ခပြဿနာကို အရင်ဆုံး ရပ်ဆိုင်းသွားအောင်ပြုလုပ်ပေးစေချင်ကြောင်း ပဒိုစောကွယ်ထူးဝင်း က ဆက်ပြောသည်။
အစိုးရသစ်မူဝါဒများဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးအပြင် ပြည်သူများ၏ လူနေမှုဘဝမြင့်မားလာရေးတို့မှာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူများ၏ လိုလားချက်များဖြစ်သဖြင့် ထောက်ခံခြင်းဖြစ်ကြောင်း KNU က သဘောထားထုတ်ပြန်ထားသည်။
KNU အနေဖြင့် အစိုးရသစ် ဖော်ဆောင်မည့် ပြည်တွင်းငြိမ်းချမ်းရေးမှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်စသည်တို့တွင် အာမခံချက်အပြည့်အဝရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု ဖြစ်ပေါ်လာမည်ကို မျှော်လင့်ကြောင်းလည်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် အုပ်ချုပ်သူ အစိုးရအဆက်ဆက်ကို ခုခံတော် လှန်ခဲ့သည့် KNU သည် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်နေ့က ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၇ဖွဲ့နှင့်အတူ လက်မှတ်ရေး ထိုးထားသည်။



















