Home သတင်း ဘီးလင်းမြို့နယ် မြစ်ကျိုးရွာ စာသင်‌ကျောင်း‌ဆောင်သစ် ခိုင်ခံ့မှုမရှိ၍ အမြန်ဆုံး ပြုပြင်ရန် လိုအပ်

ဘီးလင်းမြို့နယ် မြစ်ကျိုးရွာ စာသင်‌ကျောင်း‌ဆောင်သစ် ခိုင်ခံ့မှုမရှိ၍ အမြန်ဆုံး ပြုပြင်ရန် လိုအပ်

2644

ဧပြီ ၂ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ‌လေး‌ကေ‌ကျေးရွာအုပ်စုရှိ မြစ်ကျိုး(ပယာ‌ရော)ရွာတွင် ပြီးခဲ့သည့် အစိုးရလက်ထက်က မြို့နယ်အစိုးရ၏ အစီအစဉ်ဖြင့် တည်‌ဆောက်ခဲ့သည့် မူလတန်းစာသင် ‌ကျောင်း‌ဆောင်သစ်မှာ တည်‌ဆောက်ပြီး တစ်လအတွင်းမှာပင် ပျက်စီးမှုများရှိသည့်အတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ရန် ‌ကျေးရွာ‌ဒေသခံများက လိုလား‌နေကြသည်။

၎င်းစာသင်‌ကျောင်းကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး ဇွန်လတွင် တည်‌ဆောက်ပြီးစီးပြီး‌နောက် ‌ကျေးရွာတာဝန်ရှိသူများထံ လွှဲ‌ပြောင်းခဲ့‌သော်လည်း ခိုင်ခံ့မှုမရှိသည့်အတွက် တစ်လအတွင်း မျက်နှာကျက် ပြိုကျခြင်း၊ နံရံနှင့် အဂင်္‌တေခင်းများ အက်ကွဲခြင်းဖြစ်‌နေသည်ဟု မြစ်ကျိုးရွာ၏ မိဘဆရာအသင်းလည်းဖြစ်၊ ‌ကျောင်း‌ဆောင်သစ် ‌ဆောက်လုပ်‌ရေး‌ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ‌စောဘ‌ဌေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ကျောင်းက ‌ဆောက်ပြီးခါစ၊ တစ်နှစ်‌တောင် မပြည့်‌သေးဘူး။ အ‌ပေါ်က မိုးယို၊ ‌အောက်က ပျက် ဆို‌တော့ ‌ကျောင်းတက်ဖို့ ‌ကျောင်းသား‌တွေရဲ့ လုံခြုံမှုအတွက် စိုးရိမ်တယ်။ ဒီ‌ကျောင်း မ‌ဆောက်ခင် (မြို့နယ်အစိုးရ) ‌ပြောထားတာ ရှိတယ်။ ‌ကျောင်း‌ဆောက်ပြီး ‌ခြောက်လအတွင်း ပျက်စီးမှုရှိရင် အချိန်မီ တင်ပြရင် ပြန်ပြုပြင်‌ပေးမယ်လို့ ‌ပြောတယ်။ တင်ပြထားတာရှိ‌ပေမယ့် အခုထိ လာမပြင်‌သေးဘူး”ဟု ‌ပြောသည်။

မြို့နယ်အစိုးရ၏ အစီအစဉ်ဖြင့် ‌ဇော်ဖန်း(Zaw Fan) ကုမ္ပဏီ‌ဆောက်လုပ်‌ရေးအဖွဲ့မှ တာဝန်ယူ ‌ဆောက်လုပ် သည့် ထို‌ကျောင်း‌ဆောင်သည် ကျပ်‌ငွေသိန်း ၃၀ဝ ဝန်းကျင် ကုန်ကျ‌ကြောင်း၊ ‌ကျောင်း‌ဆောင်ခိုင်ခံ့မှုမရှိသည့်အတွက် အချိန်မီ ပြန်လည်ပြုပြင်နိုင်ရန် ‌ဆောက်လုပ်ပြီး ‌နောက် တစ်လ ဇူလိုင်လတွင် ‌ကျောင်းဓာတ်ပုံနှင့်တကွ မြို့နယ်ရုံးသို့ တင်ပြခဲ့‌သော်လည်း ယခုထိ အ‌ကြောင်းမထူး‌သေး‌ကြောင်း ‌စောဘ‌ဌေးက ဆက်‌ပြောသည်။

အဆိုပါ ‌ကျောင်း‌ဆောင်သစ်‌ဆောက်လုပ်ရာတွင် ‌စောင့်ကြည့်ရန် မြို့နယ်ပညာ‌ရေးမှူး ‌ဒေါ်လှဆန်း ‌ဝေ အပါအဝင် မြစ်ကျိုးရွာ ‌ကျောင်းအုပ် ဦးတင်‌အောင်မိုးနှင့် ‌ကျေးရွာရှိ မိဘဆရာအသင်းဝင်များ၊ ‌ကျောင်းအကျိုး ‌တော်‌ဆောင်များ စုစု‌ပေါင်း ၁၄ဦး ပါဝင်‌သော ‌ကျောင်း‌ဆောင်သစ် ‌ဆောက်လုပ် ‌ရေး‌ကော်မတီကိုလည်း ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းထားခဲ့သည်။

ထိုသို့ မြို့နယ်အစိုးရမှ တာဝန်ယူ ‌ဆောက်လုပ်သည့် ‌ကျောင်း‌ဆောင်သစ် နံ‌ဘေးတွင် ဆွီဒင်နိုင်ငံ အလှူရှင်အဖွဲ့တစ်ခု၏ ကူညီ‌ထောက်ပံ့မှုဖြင့် ‌မောင်တင့်ကုမ္ပဏီမှ တာဝန်ယူ ‌ဆောက်လုပ်သည့် ‌ကျောင်း‌ဆောင်သစ်တစ်‌ဆောင်လည်းရှိပြီး ယင်း‌ကျောင်း‌ဆောင်မှာ ခိုင်ခံ့လျှက်ရှိသည်ဟု ‌ကျေးရွာ ‌ဒေသခံများက ဆိုသည်။

မြစ်ကျိုး‌ကျေးရွာ ‌ကျောင်းဆရာမလည်းဖြစ်၊ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌နော်မြင့်မြင့်‌အေးက “အခု လာ‌ဆောက်‌ပေးတဲ့ ‌ကျောင်းအ‌ဆောင် နှစ်ခုထဲက အစိုးရ ‌ဆောက်‌ပေးတဲ့ ‌ကျောင်း‌ဆောင် ဟာ လာမယ့် စာသင်နှစ်အတွက် ‌ကျောင်း‌တောင် မတက်ရ‌သေးဘူး ပျက်စီး‌နေပြီ။ ဒီလို‌ကျောင်းမျိုး နဲ့ ကျမတို့‌ကော၊ က‌လေး‌တွေ‌ကော မတက်ရဲဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အိမ်‌ခြေ‌ပေါင်း ၁၆၀‌ကျော်ရှိသည့် မြစ်ကျိုး‌ကျေးရွာ၌ လက်ရှိ မူလွန်အဆင့် အဋ္ဌမတန်းအထိ တက် နိုင်သည့် ‌ကျောင်းတစ်‌ကျောင်းရှိပြီး ယင်း‌ကျောင်းတွင် ‌ကျောင်းသားဦး‌ရေ တစ်နှစ်ထက်တစ်နှစ် များပြားလာပါက ‌နေရာဆံ့‌တော့မည် မဟုတ်သလို ‌ကျောင်းပတ်ဝန်းကျင်မှာ ကျဉ်းပြီး ဆယ်စုနှစ် အတန်ကြာ ရှိပြီဖြစ်၍ ‌ကျောင်း‌ဆောင်အသစ် ‌ဆောက်လုပ်ရန်သာ ဖြစ်နိုင်‌ကြောင်း ရွာခံများက ‌ပြောသည်။