ဧပြီ ၂ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ဒေသနှင့် ကျေးရွာသန့်ရှင်းရေးအတွက် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဝန်ကြီးချုပ်သစ် နန်းခင်ထွေးမြင့် ဦးစီးပြီး ဖားအံမြို့နယ် ဇွဲကပင်တောင်ခြေ ဒုံရင်းကျေးရွာရှိ လုမ္မဏီဥယျာဉ်တွင် ယနေ့(ဧပြီ ၂ရက်) စုပေါင်းအမှိုက်ကောက်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သစ် ပါဝင်သည့် အဆိုပါ အမှိုက်ကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံကျေးရွာ ရပ်မိ ရပ်ဖနှင့် လူငယ်များ၊ အမျိုးသားဒီမိုကရေစီအချုပ်(NLD) မိသားစုဝင်များ စုစုပေါင်း လူဦးရေ ၁၀ဝ ဝန်းကျင် စုပေါင်းကာ နံနက် ၆နာရီခွဲမှ ၁ဝ နာရီအထိ အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အမှိုက်ကောက်ပွဲတွင် ပါဝင်သည့် ဖားအံမြို့ အမှတ်-၆ ရက်ကွက်မှ နန်းဝါဝါက “အခု ဝန်ကြီးချုပ်သစ်နဲ့ ပူးပေါင်း ပြီးတော့ ကျမတို့ အမှိုက်လာဝိုင်းကောက်တယ်။ ကျမတို့ ရပ်ကွက်မှာဆိုရင်လည်း တနဂင်္နွေ နေ့တိုင်း စုပေါင်း အမှိုက်ကောက်တယ်။ ဒေသတွင်း ပြည်သူတွေကို ကျမပြောချင်တာက ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်က အမှိုက်တွေကို နေ့တိုင်း သန့်ရှင်းလုပ်တတ်တဲ့အကျင့် ရှိလာမယ်ဆိုရင် ကျမတို့ ဖားအံမြို့မှာ အမှိုက်ကင်းစင်တဲ့ မြို့တစ်မြို့ ဖြစ်လာလိမ့်မယ်လို့ မြင်မိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဇွဲကပင်တောင်ခြေ ဒုံရင်းကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့၊ တပေါင်းလပြည့်နေ့ ဇွဲကပင်ဆံတော်ရှင် ဘုရားပွဲကျင်းပခဲ့စဉ်က လုမ္မဏီဥယျာဉ်တွင် အသုံးပြုခဲ့သည့်အတွက် ကျန်ရှိခဲ့သည့် အမှိုက်များကို ပြည်နယ်ဝန်ကြီးချုပ်သစ်က ယခုလို ဦးစီးလုပ်ဆောင်လာခြင်းဖြစ်သည်။
ယင်းအမှိုက်ကောက်ပွဲတွင် ပါဝင်သည့် စောမောင်လေးကလည်း “ကျနော်တို့ လူထုတွေ ကိုယ့်အိမ်၊ ကိုယ်ခြံ၊ ကိုယ့်ပတ်ဝန်းကျင်က အမှိုက်တွေကို စွန့်ပစ်တတ်တဲ့ အကျင့်လေးတွေ ရှိလာရင်တော့ ကျနော်တို့ဒေသ ပိုပြီး သန့်ရှင်းသာယာလာမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
NLD အား ရွေးကောက်ပွဲ အနိုင်ရပါတီအဖြစ် ကြေညာပြီးသည့် အချိန်မှစ၍ တစ်နိုင်ငံလုံး အမှိုက်ကောက် လှုပ်ရှားမှု အစီအစဉ်အရ အမှိုက်ကောက်သန့်ရှင်းရေး လုပ်ငန်းစဉ်များကို အပတ်စဉ် စနေနေ့တိုင်း NLD မှ ဦးဆောင်ကာ ရပ်ကွက်နေ ပြည်သူများအတူ လုပ်ဆောင်နေသလို အခြား လူမှုရေးအသင်းအဖွဲ့များလည်း အမှိုက်ကောက်လှုပ်ရှားမှုများကို အလျင်းသင့် ပူးပေါင်းလုပ်ဆောင်လာလျှက်ရှိကြသည်။



















