Home သတင်း မယ်လဒုက္ခသည် ဇနီး‌မောင်နှံ အသတ်ခံရ

မယ်လဒုက္ခသည် ဇနီး‌မောင်နှံ အသတ်ခံရ

2831

‌မေ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့‌ဆောင်ယန်းမြို့နယ်၊ ကားကလိုး‌ကျေးရွာအနီး ‌ပြောင်းဖူးခင်းအတွင်းရှိ တဲတစ်လုံးထဲ၌ ယမန်‌နေ့ည ၉နာရီခွဲအချိန်တွင် မယ်လဒုက္ခသည်စခန်းအတွင်း ‌နေထိုင်သူ ဇနီး‌မောင်နှံနှစ်ဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။

အသတ်ခံရသူများမှာ ဇုံ-စီ အမှတ်(၃-ဘီ)ရပ်ကွက်မှ အသက် ၄၀‌ကျော်အရွယ် ‌စောလှ‌ဌေးနှင့် ‌နော်‌ပေါ်မုတို့ဖြစ်ကြပြီး ၎င်းတို့ သည် မိသားစု စားဝတ်‌နေ‌ရေးအတွက် ဒုက္ခသည်စခန်းအပြင်ဖက် ကားကလိုး‌ကျေးရွာရှိ ‌ပြောင်းဖူးခင်းပိုင်ရှင်တစ်ဦးထံတွင် အလုပ်လုပ်ကိုင်ရင်း လုပ်အားခ‌ငွေ‌ချေ‌ပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ပုဆိန်ဖြင့် ခုတ်သတ်ခံရခြင်းဖြစ်‌ကြောင်း မယ်လဒုက္ခသည် စခန်း လုံခြုံ‌ရေးမှူး ‌စောရှီးရှိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တစ်ရက်အတွက် တစ်‌ယောက်ကို ထိုင်းဘတ်‌ငွေ ၁၅ဝနှုန်းနဲ့ သူတို့ အလုပ်သွားလုပ်တာ သုံးလ‌လောက် ကြာလာတဲ့အခါ အခု လို အသတ်ခံရတာပါ။ မ‌နေ့ညက သူတို့ကို လာခုတ်တဲ့အချိန်မှာ သားနဲ့ သမီးနှစ်ဦးလည်း ရှိတယ်။ သူတို့နှစ်ဦး ထွက်‌ပြေးလွတ် ‌မြောက်သွားပြီး ဒီမနက်မှာ စခန်းကို ပြန်‌ရောက်‌တော့ ဖြစ်စဉ်‌တွေကို ပြန်လာ‌ပြောပြတယ်”ဟု ‌စောရှီးရှိုက ‌ပြောဆိုသည်။

ယ‌နေ့ ‌နေ့လည် ၁၂နာရီ‌ကျော်၌ အခင်းဖြစ်ပွားသည့်‌နေရာမှ မယ်လဒုက္ခသည်စခန်းသို့ ပြန်လည်သယ်‌ဆောင်လာသည့် ‌သေဆုံး သွား‌သော ဇနီး‌မောင်နှံ၏ ရုပ်အ‌လောင်းကို ကိုယ်တိုင် သွား‌ရောက်ကြည့်ရှုခဲ့သူ ‌စောစိုးအယ်က “အ‌လောင်းက သူတို့‌နေထိုင်တဲ့ ‌နေအိမ်မှာပဲ ပြန်လာထားတယ်။ ဘယ်‌တော့သၤဂြိုလ်မလဲ မသိရ‌သေးဘူး။ ကျ‌နော်တို့ သွားကြည့်‌တော့ ပုဆိန်သွားဒဏ်ရာနဲ့ပါ။ ‌မောင်လှ‌ဌေးဆိုရင် မျက်နှာမှာ ရစရာမရှိ‌အောင် ဖြစ်‌နေပါတယ်။ ‌နော်‌ပေါ်မုဆိုရင်လည်း ‌ခေါင်းရဲ့ငယ်ထိပ်တည့်တည့်မှာ ဒဏ်ရာ က အကြီးကြီးပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် အသက်မ‌သေဘဲ ပြန်လည်လွတ်‌မြောက်လာသည့် အသတ်ခံရသူ ဇနီး‌မောင်နှံ၏ သားသမီးနှစ်ဦးထဲမှ အကြီးဖြစ်သူ အသက် ၁၄နှစ်အရွယ် မိန်ခ‌လေးကို အမှုမှန်‌ပေါ်‌ပေါက်‌ရေးအတွက် မျက်မြင် သက်‌သေအဖြစ် ထိုင်းရဲအာဏာပိုင်များက ထာ့ ‌ဆောင်ယန်းမြို့နယ်၊ မဲ့တန့်ရဲစခန်းသို့ ‌ခေါ်‌ဆောင်သွားပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက တရားခံကို စုံစမ်းလျှက်ရှိ ‌ကြောင်း ‌စောရှီးရှိုက ဆက်‌ပြောသည်။

လက်ရှိ ဒုက္ခသည်ဦး‌ရေ ၄‌သောင်း‌ကျော် ‌နေထိုင်ကာ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ၆၁ကီလိုမီတာ ကွာ‌ဝေးသည့် မယ်လဒုက္ခသည်စခန်းတွင် လူသတ်မှု၊ လူ‌သေမှု၊ ယာဉ်တိုက်ခံရမှု စသည့်ရာဇဝတ်မှုများ မကြာခဏဖြစ်ပွား‌လေ့ရှိပြီး ဧပြီ ၁၅ ရက်‌နေ့ကလည်း ဒုက္ခသည်အမျိုးသားနှစ်ဦး ကားတိုက်ခံရ၍ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရရှိခဲ့‌သေးသည်။