မေ ၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း၊ နန်းချောင်ဖော့
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရရှိရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်အတူ လက်တွဲကြိုးပမ်းသွားမည်ဟု ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၏ တိုင်းရင်းသားရေးရာကော်မတီဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမြအေးက ကေအိုင်စီသို့ ပြောသည်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းသည် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ဦးဆောင် သည့်အဖွဲ့နှင့် မေ ၇ရက်နေ့က ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်၊ သုမဂင်္လာလမ်းမကြီးပေါ်ရှိ ၎င်းတို့၏ရုံး၌ တွေ့ဆုံမှုအပြီးတွင် ကိုမြအေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတော်ကို ဖယ်ဒရယ်ပြည်ထောင်စုရအောင် ဘယ်လိုတည်ဆောက်သွားမလဲဆိုတာကို ကျနော်တို့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ရှိတယ်။ အတူလုပ်မယ့် ရလဒ်လည်း ရှိနေတာပဲ”ဟု ကိုမြအေးက ပြောသည်။
တစ်နာရီခွဲကြာသည့် ၎င်းတွေ့ဆုံမှုတွင် ကေအဲန်ယူဘက်မှ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုစောသမိန်ထွန်းနှင့် ပဒိုစောလစ္စတန် တို့ ပါဝင်ပြီး ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းဘက်မှ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီးနှင့် ကိုဂျင်မီတို့ ပါဝင်ကြောင်း သိရ သည်။
တိုင်းရင်းသားတန်းတူရေး၊ ဒီမိုကရေရရှိရေး၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရန်အတွက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် မိမိတို့အမြင်တူကြောင်း ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။
“တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ကိုပဲ သွားမယ်။ ဖက်ဒရယ်ရဖို့ ကြိုးပမ်းရာမှာ ၈၈နဲ့လည်း လက်တွဲသွားဖို့ ရှိပါတယ်”ဟု ပဒိုနော်စီဖိုးရာစိန်က ပြောသည်။
ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနို်င်ကလည်း ၎င်းတို့အနေနှင့် လက်ရှိ တိုင်းရင်းသား တန်းတူအခွင့် အရေးရရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်မည့်အကြောင်းကို ကေအဲန်ယူအား အသိပေးပြော ကြားခဲ့ကြောင်း တွေ့ဆုံပွဲအပြီး မီဒီယာများအား ပြောကြားခဲ့သည်။
ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ယခုတွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗန်းရှင်းစင်တာ၌ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သည့် ရှစ်လေးလုံးငွေရတု အခမ်းအနားတွင် ကေအဲန်ယူခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
အလားတူ ကိုမြအေး ဦးဆောင်သော ၈၈မျိုးဆက်အဖွဲ့သည် ကေအဲန်ယူတပ်မဟာ(၆)နယ်မြေ၌ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် (၆၄)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သေးသည်။



















