Home သတင်း ကရင်နီပြည်အတွင်း ‌မြေမြှပ်မိုင်းရှင်း‌ပေးရန် အစိုးရထံ KNPP ‌တောင်းဆို

ကရင်နီပြည်အတွင်း ‌မြေမြှပ်မိုင်းရှင်း‌ပေးရန် အစိုးရထံ KNPP ‌တောင်းဆို

1868
‌မေလ ၁၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်နီပြည်သူများ ‌တောင်းဆိုထားသည့် ‌မြေမြှပ်မိုင်းရှင်းလင်း‌ပေး‌ရေး ကိစ္စနှင့် ပတ်သက်၍ အစိုးရထံ ‌တောင်းဆိုထား‌ကြောင်း ကရင်နီ အမျိုးသားတိုးတက်‌ရေးပါတီ (KNPP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အစိုးရကိုယ်စားလှယ်‌တွေနဲ့ ‌တွေ့တဲ့အခါမှာ ဒီကိစ္စ‌တွေကို ‌ဆွေး‌နွေးချက်ထဲမှာ ထည့်ထားပါတယ်။ ‌မြေမြှပ်မိုင်းက ‌တော့ ကျ‌နော်တို့ဘက်က ‌ထောင်တာ‌တော့ မရှိပါဘူး။ အစိုးရဘက်က ‌ထောင်တာ အများဆုံးပါ။ အဲ‌တော့ သူတို့‌မြေမြှပ်မိုင်း‌တွေနှုတ်ဖို့ ကျ‌နော်တို့ တင်ပြ‌တောင်းဆိုထားတာ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအချိန်မှ စတင်ပြီး မလိုအပ်‌တော့သည့် ‌နေရာများတွင် မိုင်းများကို ပြန်လည်နှုတ်‌ပေးရန်အတွက်လည်း အစိုးရထံ ‌မေတ္တာရပ်ခံထား ‌ကြောင်း၊ KNPP သည် အစိုးရနှင့် လက်ရှိ အ‌နေအထားအရ ပြည်နယ်အဆင့် သ‌ဘောတူ လက်မှတ်‌ရေးထိုးထားရာတွင် ‌မြေမြှပ်မိုင်းတူး ‌ဖော်‌ရေး မပါဝင်‌သေးသဖြင့် ပြည်‌ထောင်စုအဆင့်တွင် အ‌ကောင်းအထည်‌ဖော်နိုင်လိမ့်မည်ဟုလည်း ခူးဦးရယ်က ဆက်‌ပြောသည်။

“သ‌ဘောတူညီမှုမရ‌သေးသည့်တိုင်‌အောင် ဒီကြားကာလထဲမှာ သူတို့ နှုတ်နိုင်တဲ့‌နေရာ‌တွေ ရှိတယ်ဆိုရင် နှုတ်‌ပေးဖို့ ကျ‌နော်တို့ ‌မေတ္တာ ရပ်ခံထားတာရှိပါတယ်။ ‌ပြောရရင်‌တော့ လူထု‌တွေ၊ ကျွဲ၊ နွား တိရိစ္ဆာန်‌တွေကို အသက်အန္တရယ်ဖြစ်‌စေတဲ့ ‌မြေမြှပ်မိုင်း‌တွေကို ပိုပြီး ဦးစား ‌ပေး ‌ပြောထားတာပါ”ဟု ဆိုသည်။

KNPP သည် အစိုးရနှင့် ပြည်‌ထောင်စုအဆင့် ထပ်မံ ‌ဆွေး‌နွေးသွား‌ရေးတွင် လူထုလိုအပ်ချက်များကို ထည့်သွင်းနိုင်ရန် ကရင်နီ‌ဒေသခံ များနှင့် ပြီးခဲ့သည့် ဧပြီလက သွား‌ရောက်‌တွေ့ဆုံခဲ့သည်။ ထို‌တွေ့ဆုံမှုတွင် ‌ဒေသခံများဘက်မှ ၎င်းတို့ ပြည်နယ်အတွင်းရှိ ‌မြေမြှပ်မိုင်းများ ကို ရှင်း‌ပေးရန် ‌ပြောဆိုခဲ့ကြသည်။

ကရင်နီပြည်နယ်‌တောင်ပိုင်းရှိ ‌နေရာ‌ရွှေ့‌ပြောင်း‌နေရသူများ(IDP)၏ ‌နေရာများ၊ ‌တောင်ပိုင်း‌မော်ချီး‌ဒေသ၊ သံလွင်အ‌ရှေ့ခြမ်းမှ ယိုးဒယား နယ်စပ်တစ်‌လျှောက်၊ ‌လောပိတ‌ရေအားလျှပ်စစ်စက်ရုံအနီး ၁၅မိုင်ဝန်းကျင်၊ ‌ရေအားလျှပ်စစ်မှ ရန်ကုန်၊မန္တ‌လေး သွယ်တန်းထားသည့် ဓါတ်တိုင်အနီးတဝိုက်နှင့် အကြီးစားစီမံကိန်း‌နေရာ အ‌တော်များများတွင် အစိုးရမှ ‌မြေမြှပ်မိုင်းများ‌ထောင်ထား‌ကြောင်းလည်း KNPP က ‌ပြောသည်။

‌မြေမြှပ်မိုင်း တူး‌ဖော်‌ရေးအတွက် အစိုးရအပြင် နိုင်ငံတကာ‌မြေမြှပ်မိုင်းနှင့် ပတ်သက်၍ လုပ်ကိုင်‌နေသည့် အဖွဲ့အစည်းများကို ကမ်းလှမ်း ပြီး မိုင်းတူး‌ဖော်‌ရေးလုပ်ငန်းများ ဆက်လက် လုပ်‌ဆောင်သွားမည်ဟုလည်း ခူးဦးရယ်က ဆက်‌ပြောသည်။

KNPP အတွင်း‌ရေးမှူး(၁) ခူးဦးရယ် ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မတ်လ ၇ရက်‌နေ့က လွိုင်‌ကော်မြို့၌ ပြည်နယ်အဆင့် အပစ်ရပ် ‌ရေး လက်မှတ်‌ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ဧပြီလ ၂၁ရက်‌နေ့တွင် ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်မြို့၌ KNPP ကိုယ်စားလှယ်အဖွဲ့နှင့် ဦး‌အောင်မင်းတို့ ပြည်‌ထောင်စုအဆင့် အကြို ‌တွေ့ဆုံခဲ့ကြသည်။

KNPP သည် စစ်အစိုးရနှင့် ၁၉၉၅ခုနှစ်၊ မတ်လ ၂၁ရက်‌နေ့တွင် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူခဲ့ကြပြီး သုံးလအကြာ ၁၉၉၅ခုနှစ်၊ ဇွန်လ ၂၉ရက်‌နေ့တွင် ပြန်လည် ပျက်ပြားခဲ့သည်။