မေလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့် ဗိုလ်မှူးကြီးမိုးဖြူ၏ ဈာပနအခမ်းအနားကို ကရင် အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)နေရာတွင် ယနေ့ပြုလုပ်ခဲ့ရာ လူပရိဿတ် ၂၀ဝနီးပါးခန့် လာရောက်ခဲ့ကြသည်။
ယနေ့ နေ့လည်မှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် အဆိုပါဈာပနတွင် ဝတ်ပြုဆုတောင်းခြင်း၊ ကွယ်လွန်သူအား ဂါရဝပြုခြင်းအပြင် KNLA မှ တပ်အရာရှိများက စစ်ရေးပြ အခမ်းအနားဖြင့် ကျင်းပခဲ့သည့်အပြင် KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုဒေါ့လေးမူမှ ဒုဥက္ကဌ၏ အမိန့်ပြန် စာကို ဖတ်ကြားခြင်းနှင့် တပ်မှူးတစ်ဦးမှ KNLA အမိန့်ပြန်စာကို ဖတ်ကြားသွားပြီးနောက် ဂူသွင်းသဂြိုလ်ခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးမိုးဖြူသည် ဧပြီလ ၄ရက်မှ ၁၁ရက်နေ့အထိ ဒုတိယအကြိမ် ကေအဲန်ယူနှင့် မြန်မာအစိုးရ တွေ့ဆုံဆွေးနွေးပွဲတွင် သွားရောက် ခဲ့သူတစ်ဦးဖြစ်ရာ ၎င်း၏ တာဝန်ကျေမှုနှင့် ပတ်သက်၍ KNLA မှ ဗိုလ်ချုပ်ပီးလစိန်က ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဗိုလ်မှူးကြီးမိုးဖြူဟာ အရည်အချင်းရှိပြီး အမျိုးသားရေးအတွက်လည်း ပေးဆပ်လုပ်ဆောင်သူ ဖြစ်တယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြီးခဲ့တဲ့ တွေ့ဆုံမှုမှာ သူလည်း ပါသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူ့အနေနဲ့ အစိုးရဘက်၊ ကျနော်တို့ ဘက် တပ်နေရာချထားရေးကို ပြန်လာရေးဆွဲချမှတ်ထားပြီး အခုလို ကွယ်လွန်သွားရတာ ဖြစ်ပါတယ်။ အခုလိုမျိုး တာဝန်ကို ကျေပြွန်သူ ခေါင်းဆောင်တဦး မရှိတော့တာဟာ ကျနော်တို့အတွက် ဆုံးရှုံးမှုတစ်ခုပါပဲ။”ဟု ဆိုသည်။
မေလ ၁၁ရက်နေ့က ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားခဲ့သူ ဗိုလ်မှူးကြီးမိုးဖြူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကြိုးဝိုင်းကျေးရွာဇာတိ သားဖြစ်ပြီး အမိုး နော်ပဲ့ပဲ့၊ အပါး စောယဉ်လှတို့မှ ၁၉၅ဝခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်ဖြစ်သည့် စောမိုးဖြူသည် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံးမှ ဆရာမ နော်မြိုင်ဖိုးက “သူကလည်း အမျိုးသားရေးနဲ့ ပတ်သက်လာရင် တအားစိတ်ထက်သန်တယ်။ ဗိုလ်မိုးဖြူ မပြီးဆုံးသေးတဲ့ လုပ်ငန်း မှန်သမျှ၊ အမျိုးသားရေးတွေ ကျမတို့တွေ တတတ်တအား ဆက်လုပ်ရအုံးမယ်။ အဲလိုခေါင်းဆောင် မျိုး ထပ်ပေါ်လာအောင်လည်း ကျမတို့ မျှော်လင့်တယ်။ သူက ကိုယ်ကျိုးစွန့်ပြီး အမျိုးသားရေး လုပ်ဆောင်ခဲ့သူမို့ ဂုဏ်ယူစရာကောင်းတဲ့ ခေါင်းဆောင်ဖြစ်တယ်”ဟု ပြောသည်။
ဈာပနအခမ်းအနားသို့ လာရောက်ခဲ့သူ ကလို့ထူးဘော ကရင်အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်က “KNLA ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးမိုးဖြူလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးဆောင်ဦးရွက်ပြုနေသူထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်တဦး ဆုံးရှုံးသွား တာဟာ အင်မတန်မှပဲ ကျနော်တို့ ကရင်ပြည်သူလူထုအတွက် နစ်နာတယ်လို့ ကျနော် အဲလိုခံယူပါတယ်။ ဝမ်းလည်း ဝမ်းနည်းမိပါတယ်” ဟု ပြောဆိုခဲ့သည်။
လက်ရှိ ရာထူးနံပါတ် ဝ၇၅၉ဖြစ်သူ ဗိုလ်မှူးကြီးမိုးဖြူသည် ၁၉၇၅ခုနှစ်၊ မတ်လ ၁ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးသို့ သထုံ ခရိုင်၊ တပ်မဟာ(၁)နယ်မြေမှ သာမန် တပ်သားအဖြစ် စတင် ဝင်ရောက်ခဲ့သည်။
၎င်းနောက် ၁၄-၈-၁၉၈၁ရက်နေ့တွင် ဒုဗိုလ်၊ ၂၈-၂-၁၉၈၄ရက်နေ့ တွင် ဗိုလ်အဆင့်၊ ၂၀-၇-၁၉၉ဝရက်နေ့တွင် ဗိုလ်ကြီး၊ ၁-၃-၁၉၉၇ရက် နေ့တွင် ဗိုလ်မှူး၊ ၁၄-၇-၂၀၀၁ရက်နေ့တွင် ဒုဗိုလ်မှူးကြီးနှင့် ၂၀-၁၁-၂၀၀၆ခုနှစ်မှ ကွယ်လွန်ချိန်အထိ ဗိုလ်မှူးကြီးအဖြစ် ဒုတိယတန်း စစ်ဦး စီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး နော်ခလီးမူးနှင့် သား ၄ဦး၊ သမီး ၃ဦး ကျန်ရစ်ခဲ့သည်။



















