သြဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် စစ်အုပ်စုက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၆) ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ သြဂုတ်လ (၁၀) ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဘုရားကြီးကျေးရွာသို့ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲကာ သေဆုံးသူအပါအဝင် ထိခိုက်ဒဏ်ရာရသူ (၆)ဦးထက်မနည်းရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထိုအထဲတွင် အမျိုးသမီး၊ ကလေးငယ်နှင့် အမျိုးသား အရေအတွက် အတိအကျကို ကေအိုင်စီအနေဖြင့် စုံစမ်းနေဆဲဖြစ်ပြီး ဒေသခံပေးပို့လာသည့်မှတ်တမ်းပုံများအရ သေဆုံးသူများအနက် အမျိုးသမီး (၂)ဦးပါဝင်၍ ကလေးငယ်တချို့လည်း ထိခိုက်ဒဏ်ရာရရှိထားသည်။
“ဘုရားကြီးမှာ လာပစ်သွားတာ လူတွေထိတာများတယ် လောလောဆယ် (၆)ယောက်ပဲသိရတယ်။ တချို့ခန္ဓာကိုယ်တွေဆို အပိုင်းပိုင်းဖြစ်ကုန်တာ၊ ပြည်သူတွေပဲ ကလေးတွေလည်းပါတယ်။” ဟု လယ်ဒိုနေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဘုရားကြီးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံများသည် စစ်အုပ်စုက ထပ်မံလေကြောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရသည်။
ထို့အပြင် ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများပြောပြချက်အရ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်အခြေအနေများ ရှိကြောင်းလည်း သိရသည်။
အလားတူ သြဂုတ်လ ၂ ရက်နေ့တွင်လည်း လယ်မူသော ကျေးရွာအတွင်းသို့ စစ်အုပ်စုက ပေါင် ၅၀၀ တစ်လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီး ခဲ့သေးသည်။



















