ဩဂုတ် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စောဘဦးကြီးအပါအဝင် ကရင့်ခေါင်းဆောင်ကြီးများ လက်ဆင့်ကမ်းချထားပေးသည့် လုပ်ငန်းလမ်းစဥ်အတိုင်း ရပ်တည်လုပ်ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းသည်။
ယနေ့(ဩဂုတ်လ ၁၂)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် KNLA စစ်ဦးစီးချုပ်က ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
စောဘဦးကြီးနှင့်တကွ ကရင့်အာဇာနည်တို့ အသက်သွေး၊ ချွေးဖြင့်စွန့်လွှတ်အနစ်နာခံလျှောက်လှမ်းခဲ့သည့် ကရင့်တော်လှန်ရေးလမ်းခရီး မပြီးဆုံးသေးသလို မိမိတို့သည်လည်း သမိုင်းပေးတာဝန်များကို လက်ဆင့်ကမ်း ဆက်လက်ထမ်းဆောင်သွားကြရမည်ဟု သဝဏ်လွှာတွင်ဖော်ပြသည်။
အထူးသဖြင့် စောဘဦးကြီးချမှတ်ခဲ့သည့် “လက်နက်ချစကား အလျင်းမပြောရ၊ ကရင်လက်နက် ကရင်လက်ထဲရှိရမည်၊ ကရင်ပြည်အသိမှတ်ပြုမှု ပြည့်ဝစွာရရမည်၊ ကရင့်ကံကြမ္မာကရင်ဖန်တီးရမည်” မူ(၄)ချက်အတိုင်း ဆက်လက်လျှောက်လှမ်းကြရန် KNLA စစ်ဦးစီးချုပ်က မီးမောင်းထိုးပြထားသလို အထက်မှခေါင်းဆောင်များ၏ညွှန်ကြားချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းသည်။
ကရင့်တော်လှန်ရေးအပေါ် (၇၇)နှစ်တိုင်တိုင် လူထုအားပေးထောက်ခံမှုရရှိထားသည့်အတိုင်း ခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင်များသည်လည်း လူထုကိုဆန့်ကျင်သည့်လုပ်ရပ်မှန်သမျှ ရှောင်ကြည်ကြရမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဆိုသည်။
ထို့အပြင် တော်လှန်ရေးအတွင်း မိမိတို့အားနည်းချက်၊ မှားယွင်းချက်များကို အချိန်မီပြန်လည်စိစစ်ပြင်ဆင်ကြရန်နှင့် KNLA ၏ပြဌာန်းချက်၊ စည်းမျဥ်းစည်းကမ်းများကို စံနမူနာပြလိုက်နာကြရန်လည်း တပ်ဖွဲ့ဝင်များနှင့်ခေါင်းဆောင်များကို တိုက်တွန်းထားသည်။
ထို့အတူ ယနေ့ကျရောက်သည့် ကရင့်အာဇာနည်နေ့တွင် KNLA အပါအဝင် ကရင်ပြည်သူလူထုအနေဖြင့် အသက်ပေးသွားသည့် အာဇာနည်တို့၏ကျေးဇူးကို အောက်မေ့သတိရလျက် ဆုံးခန်းမတိုင်သေးသည့် တော်လှန်ရေးလုပ်ငန်းကို စည်းလုံးညီညွှတ်စွာ ဆက်လက်လုပ်ဆောင်ကြရမည်ဟု KNLA စစ်ဦးစီးချုပ်က နှိုးဆော်သည်။
၁၉၅၀ ပြည့်နှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် စောဘဦးကြီးနှင့်ဗိုလ်ချုပ်စောစန်းကေပါဝင်သော ခေါင်းဆောင်အချို့သည် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးရွာအနီးတွင် ရန်သူ၏ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို ခံရပြီး အသက်စွန့်လွှတ်ခဲ့ရသည်။
ထိုသို့ ကရင့်အမျိုးသားရေးနှင့်တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးသွားသည့် ခေါင်းဆောင်များနှင့်တကွ ရဲဘော်များ၊ ပြည်သူများကို ဂုဏ်ပြုသောအားဖြင့် စောဘဦးကြီးတို့ကျဆုံးခဲ့သည့် ဩဂုတ်လ(၁၂)ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်၍ ယနေ့တိုင် လက်ဆင့်ကမ်းကျင်းပလာခဲ့ကြခြင်းဖြစ်သည်။



















