Home သတင်း ရေးဘီလူး Facebook ပေ့ချ်အောက် မှတ်ချက်ရေးသဖြင့်ဟုဆိုကာ စစ်အုပ်စုက အရပ်သား(၂)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်

ရေးဘီလူး Facebook ပေ့ချ်အောက် မှတ်ချက်ရေးသဖြင့်ဟုဆိုကာ စစ်အုပ်စုက အရပ်သား(၂)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်

8

ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်တွင်စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်(ဖေ့ဘွတ်ခ်) ပေ့ချ်အောက်တွင် မှတ်ချက်များရေးသားသဖြင့်ဟုဆိုကာ စစ်အုပ်စုက ပြီးခဲ့သည့် ဩဂုတ်လ(၈)ရက်နေ့ တစ်ရက်တည်းတွင် အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းရွာနေ ဦးဇင်မင်းခိုင် ဆိုသူ အသက်(၅၀)နှစ်အရွယ် အမျိုးသားအား သတင်းပေးချက်အရ သံဖြူဇရပ်-ကျိုက္ခမီကားလမ်းဘေးတွင်လည်းကောင်း၊ သံဖြူဇရပ်မြို့နယ် စက်စဲရွာနေ အသက်(၂၉)နှစ်အရွယ် မဖူးပွင့်ဝေအား လည်းကောင်း စစ်အုပ်စုကဖမ်းဆီးပြီး အကြမ်းဖက်မှုဥပဒေပုဒ်မ တပ်၍ အမှုဖွင့်ထားကြောင်း စစ်တပ်ထိန်းချုပ်သည့် မီဒီယာတချို့မှ ဖော်ပြသည်။

“ဒါက စစ်အာဏာတည်တံ့ဖို့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို ဟန့်တားပိတ်ပင်ကန့်သတ်နေတာ။ ဒီမိုကရေစီနည်းလမ်းကျ ကျင့်သုံးခြင်းမရှိ အာဏာရှင်စနစ် လည်ပတ်နေတာကို ပြသနေခြင်း ဖြစ်ပါတယ်။” ဟု စစ်အုပ်စု၏ ဆက်သွယ်ရေးကန့်သတ်မှုများအပေါ် စောင့်ကြည့်မှတ်တမ်းတင်နေသည့် မြန်မာအင်တာနက်ပရောဂျက်-MIP မှ ကိုသစ်ဉာဏ်က မှတ်ချက်ပေးသည်။

MIP ၏ မှတ်တမ်းများအရလည်း လူမှုကွန်ရက်မီဒီယာပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် ၂၀၂၂ ခုနှစ် ၂၀၂၅ ခုနှစ်အထိ ဖမ်းဆီးခံရသူအရေအတွက်ကို (၁,၇၀၀) ထက်မနည်းရှိကြောင်း သိရသည်။

စစ်အုပ်စုက မဖူးပွင့်ဝေအား “Phoo Pwint Wai” အကောင့်အမည်ဖြင့် ရေးဘီလူးအဖွဲ့၏ Facebook ပေ့ချ်အောက်ရှိ ပို့စ်တစ်ခု၌ “အားလုံးဘေးကင်းကြပါစေ။ အလှူရှင်များအားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။” ဟု ရေးသားသဖြင့် ဖမ်းဆီးခဲ့ကြောင်း စစ်တပ်ထိန်းချုပ် မီဒီယာတွင် ဖော်ပြသည်။

ထို့အတူ “လင်းလက်လမင်း” အကောင့်အမည်သုံးထားသူ ဦးဇင်မင်းခိုင်အားလည်း ပြီးခဲ့သည့် မေလနှင့် ဩဂုတ်လ ပထမအပတ်ထဲတွင် ပို့စ်အောက်၌ “ညီကိုရေ သတိတော့ထားပါ” မှတ်ချက်များရေးခြင်းနှင့်အတူ Like, React ပေးခြင်းကြောင့် စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုက ၎င်းတို့နှစ်ဦးလုံးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသလို အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။

အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုသည် မြန်မာနိုင်ငံတွင် ၎င်းတို့ထိန်းချုပ်အောက်မှလွတ်ကင်းသည့် မီဒီယာများကိုပိတ်သိမ်းခြင်း၊ သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းဖြင့် သတင်းလွတ်လပ်စွာစီးဆင်းခွင့် ဆုံးရှုံးနေစေသလို လူမှုကွန်ရက်ပေါ်တွင်လည်း လူအင်အား၊ နည်းပညာအားဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းရှိသည်။

ထို့အတူ လူမှုမီဒီယာ၌ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေဖြင့်ထိန်းချုပ် ဖမ်းဆီးမှုများ လုပ်ဆောင်လာပြီး နှစ်ရှည်ထောင်ဒဏ်ချသည်အထိ အရေးယူနေကြောင်းလည်း သတင်းလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။