Home သတင်း ဘန်ကောက်နွန်ထဘူရီ၌ ကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၊ အဖိုးအဖွားအပါအဝင် ၉ ဦး သေဆုံး

ဘန်ကောက်နွန်ထဘူရီ၌ ကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၊ အဖိုးအဖွားအပါအဝင် ၉ ဦး သေဆုံး

13
Photo: Khaosod

ဩဂုတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်၊ ဘန်ခရွိုင်စီရင်စုရှိ Debsirin Nonthaburi စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောင်းသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် ၇ ဦးသေဆုံးခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ဒေသခံကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များက ပိတ်မိနေသော ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများကို ကယ်ထုတ်နိုင် ခဲ့သည်။ ရဲတပ်ဖွဲ့က သေနတ်သမားရှိရာသို့ ချဉ်းကပ်စဉ် အဆိုပါ ကျောင်းသားမှာ မိမိကိုယ်ကို အဆုံးစီရင်ထားသည်ကို တွေ့ရှိရပြီး ၎င်းကိုင်ဆောင်ထားသည့် သေနတ်နှင့် ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် သေနတ်သမားအပါအဝင် ကျောင်းသူ/ကျောင်းသား ၃ ဦး၊ ဆရာ/ဆရာမ ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် သေနတ်သမား၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ အဖိုးနှင့် အဖွားဖြစ်သူတို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့သဖြင့် ယခုဖြစ်စဉ်ကြောင့် သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာခဲ့သည်။

Photo: Khaosod

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ရန် အာဏာပိုင်များက သက်သေ အထောက်အထားများ စုဆောင်းနေပြီး သေနတ်သမား၏ ဖခင်ဖြစ်သူကိုလည်း ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် လူငယ်သေနတ်သမားများ၏ ပစ်ခတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ၂၀၂၃ ခုနှစ် Siam Paragon ဈေးဝယ်စင်တာ ပစ်ခတ်မှုအပြင် ယခုနှစ် (၂၀၂၆) ဖေဖော်ဝါရီလကလည်း တောင်ပိုင်း ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့ရှိ စာသင်ကျောင်းတစ်ခု၌ လူငယ်တစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ကာ ဆရာနှင့် ကျောင်းသားများကို ဓားစာခံအဖြစ် ထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။